ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ (၂၂)ကြိမ်မြောက် အသံမစဲမဟာမြတ်ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ အခမ်းအနား ကျင်းပ

နမ့်ဆန် အောက်တိုဘာလ ၁၂

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၌ (၂၂)ကြိမ်မြောက် ပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီက ဘုရားကြီးကုန်းတော်ပေါ်၌ ကျင်းပရာ အခမ်းအနားသို့ နမ့်ဆန်မြို့နယ်အတွင်း ကျောင်းတိုက်အသီးသီးမှ ဆရာတော်၊ သံဃာတော် (၁၀)ပါးနှင့် သီလရှင်ဆရာကြီး/ဆရာလေး (၅၀)ပါး၊  ဒေသစီမံအုပ်ချုပ်ရေးဥက္ကဌ တားသိန်းဇော်၊ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ ၊ မြို့မိမြို့ဖများနှင့် စေတနာရှင်/ အလှူရှင်များ၊ မိဘပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ချိုးဖြင့် စတင်ဖွင့်လှစ်ပြီး နမ့်ဆန်မြို့နယ် မြို့မဂိုဏ်းချုပ်ကျောင်းတိုက်ဆရာတော် ဦးဝိမလမှ ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလ ခံယူ ဆောက်တည်ကြသည်။ ထို့နောက် တာဝန်ရှိသူများနှင့် အလှူရှင်များက ပင့်သံဃာဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီး ဆရာလေးများထံသို့ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး မြို့မဂိုဏ်းချုပ်ကျောင်းတိုက် ဆရာတော် ဦးဝိမလက ကုသိုလ်ကောင်းမှု အစုစုတို့အတွက် ရေစက်ချ အနုမောဓနာတရား ချီးမြှင့်တော်မူကာ ဘုရားကြီးကျောင်းတိုက်မှ သီလရှင် ဆရာဒေါ်ပဏ္ဍိတိနှင့် စာချဆရာတော် (၂)ပါးတို့က ပဌာန်းသိမ်းအောင်ပွဲ အခမ်းအနား ဇေယျမင်္ဂလာအောင် ဂါထာတော်နှင့် နတ်ဗြဟ္မာများ ပြန်လည် ပို့ဆောင်သည့် ဂါထာတော်တို့ကို ရွတ်ဆိုဆုတောင်းပြီး”ဗုဒ္ဓသာသနံ စိရံတိထတု”၃ကြိမ် ရွတ်ဆိုပြီး အသံမစဲ ပဌာန်းရွတ်ဖတ် ပူဇော်ပွဲ အောင်ပွဲ အခမ်းအနားကို ရွှေမိုး ငွေမိုး ရွာသွန်းပြီး ရုတ်သိမ်းသည်။

ဆက်လက်၍ ပင့်သံဃာ့ဆရာတော်ကြီးများနှင့် မြို့နယ်အတွင်းရှိ သီလရှင်ဆရာကြီး ဆရာလေးများထံ လှူဖွယ်ပစ္စည်းများကို တာဝန်ရှိသူများနှင့် အလှူရှင်များက ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

နမ့်ဆန်(ပြန်/ဆက်)