ကြာအင်းဆိပ်ကြီး အောက်တိုဘာ ၁၃
တောင်သူများအကျိုးစီးပွားဖြစ်ထွန်းနိုင်စေရေး ဒေသအတွင်း စားသုံးဆီဖူလုံနိုင်စေရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက်မတည်ရန်ပုံငွေ အစီအစဉ်ဖြင့် ဆောင်းသီးနှံစိုက်ပျိုးလုပ်ကိုင်မည့် တောင်သူများအား နိုင်ငံ့စီးပွားချေးငွေများ အား ထုတ်ချေးပေးလျက်ရှိရာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုကျေးရွာများမှ ဆောင်းသီးနှံစိုက်ပျိုးမည့်တောင်သူများအချိန် မီစိုက်ပျိုးနိုင်စေရေးအတွက် ချေးငွေများအားထုတ်ချေးပေးနိုင်ရန်အတွက် ယမန်နေ့နေ့လယ် ၁နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန သင်တန်းခန်းမ၌ ဦးစီးဌာနတာဝန်ရှိသူများနှင့် တောင်သူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်ငံ့စီးပွားချေးငွေနှင့် ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းပြည့်မီရေး နည်းပညာ ပေးဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးသိန်းမှ တောင်သူများအား အကျိုးစီးပွားဖြစ်ထွန်းစေရေး အတွက် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက် မတည်ရန်ပုံငွေအစီအစဉ်ဖြင့်ဆောင်းသီးနှံ နှမ်းနေကြာမြေပဲ စသည့်သီးနှံများအပြင် မီးဖိုဆောင်သုံး သီးနှံပင်များကိုလည်း ထုတ်ချေးပေးလျက်ရှိကြောင်း တောင်သူများ အနေဖြင့် ချေးငွေများအပေါ် အကျိုးဖြစ်ထွန်း အကျိုးရှိစွာအသုံးပြုဖို့ လိုအပ်ကြောင်း စိုက်ပျိုး မြေများအား လပ်မြေမထားပဲစိုက်ပျိုးလုပ်ကိုင်စေလိုကြောင်း ချေးငွေများအားစိုက်ပျိုးချိန် ထုတ်ချေးပေးနိုင်စေရေးအတွက် စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောဝေလင်းညွန့်က ဆောင်းသီး နှံစိုက်ပျိုးမည့် တောင်သူများအား သီးနှံပင်အမျိုးအစားအလိုက် စိုက်ပျိုးလုပ်ကိုင်နိုင်စေရေး ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေးအတွက် စိုက်ပျိုးမှုနည်းပညာများအား ပူးပေါင်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သီးနှံပင်မျိုးလိုအပ်ချက်များရှိပါက မျိုးရရှိ အောင်စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး တောင်သူများအနေဖြင့် သီးနှံအထွက်နှုန်း ပြည့်မီစွာစိုက်ပျိုးလုပ်ကိုင်ပြီး စိုက်ဧကများပြည့်မီအောင် စိုက်ပျိုးလုပ်ကိုင်စေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက်ကျေးရွာအုပ်စု ကျေးရွာများမှ ဆောင်းသီးနှံစိုက်ပျိုးမည့် တောင်သူများအား တာဝန်ရှိသူများမှ နေကြာမျိုးစေ့နှင့် နှမ်းမျိုးစေ့များအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါနိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက် မတည်ရန်ပုံငွေမှ စိုက်ဧက တစ်ဧကလျှင် သီးနှံအမျိုးအစားအလိုက် ငွေကျပ်နှစ်သိန်းမှ တစ်သိန်းနှစ်သောင်းကျပ်နှုန်းဖြင့် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမင်းဦး