မုံရွာမြို့၌ အခြေခံစားသောက်ကုန် စားသုံးဆီများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိ

မုံရွာ အောက်တိုဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မုံရွာမြို့ပေါ်ရပ်ကွက်များအတွင်းရှိ   အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ကြသော ဒေသခံပြည်သူများ နေ့စဥ်နေထိုင်စားသောက်ရေး အထောက်အကူဖြစ်စေရန်နှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ရည်ရွယ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဆီလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းပြီး  အခြေခံစားသောက်ကုန်ဆီများအား သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက် ၁၀ နာရီချိန်က ရုံးကြီးရပ်ကွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတွင် စနစ်တကျ ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဒေသခံပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းနှင့် အဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြည်သူများ လွတ်လပ်စွာဝယ်ယူနိုင်ရေး အနီးကပ်ကြီးကြပ်စီမံ ဆောင်ရွက်ပေးလျက်ရှိသည်။

ယခုကဲ့သို့ စားသောက်ရေးအခက်အခဲဖြစ်ပေါ်နေချိန်တွင် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးသည့် တာဝန်ရှိသူများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် ဆက်လက်၍လည်း ရောင်းချပေးစေလိုကြောင်း ဈေးလာရောက်ဝယ်သူတစ်ဦးက ပြောကြားသည်။

ယနေ့ရောင်းချပေးသည့် အခြေခံစားသောက်ကုန် ဆီ တစ်ပိဿာလျှင် ငွေကျပ် ၄၈၀၀ နှုန်းဖြင့်   လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)