လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “ကမ္ဘာ့စားနပ်ရိက္ခာနေ့အထိမ်းအမှတ်” ကာယ၊ ဉာဏ စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရေး ပြိုင်ပွဲများပြုလုပ်

လိပ်သို    အောက်တိုဘာ   ၁၃

၂၀၂၃ ခုနှစ်၊အောက်တိုဘာလ  ၁၆ ရက်နေ့တွင်ကျရောက်မည့် “ကမ္ဘာ့စားနပ်ရိက္ခာနေ့အထိမ်းအမှတ်”အဖြစ် ကလေးငယ်များ၊ ကျောင်း သား/ကျောင်းသူများအား ကာယ၊ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာကြည့်တိုက်သို့လာရောက်သည့် အလေ့အကျင့်ရှိစေရန်ရည်ရွယ်၍ စွမ်းရည်ပြိုင်ပွဲများကို လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ညနေ ၃  နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က နေ့ထူးနေ့မြတ်များအကြောင်း ဗဟုသုတရရှိစေရန်နှင့် ယခုလို ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည် ဉာဏ်သွေးများ ပိုမိုထက်မြက်လာမည်ဖြစ်ကြောင်း၊ လူကြီးဖြစ်စေ၊ လူငယ်ဖြစ်စေ၊ မိဘဖြစ်စေမည့်သည့် အသက်အရွယ် အပိုင်းအခြားမဆို စာဖတ်ခြင်းနှင့် မကင်းကွာသင့်ကြောင်း၊ တစ်ဦးနှင့် တစ်ဦး ချစ်ခင်ရင်းနှီးမှုရရှိစေရန်၊ ပူးပေါင်းပါဝင် ဆောင်ရွက်တတ်သည့်အလေ့အကျင့်ရှိ စေရန်ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ကျောင်းသား/ကျောင်းသူများဖြင့်   ပြိုင်ပွဲများကိုကျင်းပခဲ့ရာ အမှတ် (၃) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူလေးများ စုစုပေါင်း (၃၀) ဦးခန့်က ဂိမ်းကစားခြင်းပြိုင်ပွဲ၊ ဆေးရောင်ခြယ် ပြိုင်ပွဲ၊ ဝက်မောင်းပြိုင်ပွဲ၊ ခြေတပေါင်ကျိုးပြိုင်ပွဲနှင့် ပူပေါင်းဖောက်ပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ပြိုင်ပွဲများအပြီးတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/ကျောင်းသူများအား  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  အအေးဗူးများ ဝေငှခြင်းနှင့် အဟာရမုန့်များဖြင့် ကျွေးမွေးဧည့်ခံခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)