စစ်ကိုင်းမြို့ ပါရမီ အ.လ.က(ခွဲ)ကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်အသိပညာပေး ဟောပြောပွဲ ကျင်းပ

စစ်ကိုင်း အောက်တိုဘာ ၁၃

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုး၊ ဒေါ်ဥမ္မာဝင်းနှင့် ဝန်ထမ်းများသည် ယမန်နေ့မွန်းလွဲပိုင်းက ပါရမီ အခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်၍ စာဖတ်ရှိန်မြှင့်တင်ရေး၊ လူငယ်အသိပညာပေး ဟောပြောဆွေးနွေးခြင်းနှင့် နယ်လှည့်စာကြည့်တိုက် လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။

ရှေးဦးစွာ ဦးစီးအရာရှိ ဒေါ်ဥမ္မာဝင်းက ကျောင်းသား/သူများအနေဖြင့် ကျောင်းစာအပြင် စာပေဖတ်ရှု လေ့လာပေးကြဖို့ လိုကြောင်း၊ စာပေဖတ်ရှုလေ့လာခြင်းအားဖြင့် ဗဟုသုတများစွာရရှိပြီး အမှား/အမှန် ဝေဖန်ပိုင်းခြားနိုင်သည့် ဉာဏ်ပညာများလည်း ပိုမိုရရှိလာကြမှာဖြစ်ကြောင်း၊ မိမိတို့ဌာန အနေဖြင့် သုတ/ရသ စာအုပ်၊ စာစောင်များကို အခမဲ့ငှားရမ်းပေးနေသည့်အတွက် လာရောက်ငှားရမ်း ဖတ်ရှုကြပါလို့ ဖိတ်ခေါ်လိုကြောင်း ဆွေးနွေးပြီး လူကုန်ကူးမှုဖြစ်စဉ်များနှင့် လူကုန်ကူမှုမခံရအောင် အသိပညာများ ဟောပြောဆွေးနွေးပေးခဲ့ကာ ဝန်ထမ်းများက ကျောင်းသား/သူများအား တိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေး “အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းကော်မတီ” မှ ထုတ်ဝေသည့် “ ဇေယျာရွှေမြေ” လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ ကြသည်။

ဆက်လက်၍ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက ကျောင်းသား/သူလေးများအား နယ်လှည့်စာကြည့်တိုက် အဖြစ် ဆောင်ရွက်ပေးရသည့်ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး စာအုပ်များငှားရမ်းပေးကာ ဖတ်ရှုစေ၍ မိမိတို့ဖတ်မှတ်ထားသည့် စာအုပ်များထဲ့မှ မှတ်မိသည့် အကြောင်းအရာများကို ပြန်လည် ဆွေးနွေးစေရာ ကျောင်းသား/သူလေးများက ပြန်လည်ဆွေး နွေးပေးခဲ့ကြကြောင်းသိရသည်။

ဇော်မြင့်နိုင်