ကော့ကရိတ် အောက်တိုဘာ ၂၁
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် HPV သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထည့်သွင်းထိုးနှံခြင်း အသိပေးဆွေးနွေးပွဲကို ယမန် နေ့ နေ့လယ် ၁၂ နာရီခွဲ အချိန်က ကော့ကရိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ထို့နောက် ကော့ကရိတ်ခရိုင်၊ ဆရာဝန်ကြီးဒေါက်တာကျော်ထိုက်ဦးက HPV သားအိမ်ခေါင်း ကင်ဆာကာကွယ် ဆေးထည့်သွင်းထိုးနှံခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဆေးထိုးနှံမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထိုသို့ ရှင်းလင်းဆွေးနွေးရာတွင် ကော့ကရိတ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကော့ကရိတ်မြို့နယ် အတွင်းရှိ အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်း မိန်းကလေးငယ်များကို သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး HPV ပုံမှန် ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်တွင် သားအိမ်ခေါင်းကင်ဆာ (၄)မျိုးစပ် ကာကွယ်ဆေးကို ထည့်သွင်း ထိုးနှံသွားမည် ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အသိပေးဆွေးနွေးပွဲသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေထွန်းအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆန်းနု၊ ဌာနဆိုင်ရာများ၊ မြို့နယ်ကျန်းမာရေးဌာနမှူး၊ မိခင်နှင့်ကလေး စောင့်ရှောင်ရေးအသင်းတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇင်မာအေး (ခရိုင်-ပြန်/ဆက်)