မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ပဲခူးမြို့ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့်စားသောက်ဖွယ်ရာများ လှူဒါန်း

ပဲခူး  အောက်တိုဘာ  ၁၃

မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာဒေါ်သက်သက်ဇင်သည် ယမန်နေ့နံနက်ပိုင်းက ဒုတိယဥက္ကဋ္ဌ (၁) ဒေါ်တင်တင်လတ်၊ အတွင်းရေးမှူး ဒေါ်မြတ်မြတ်ဦး၊ စည်းကမ်းထိန်းသိမ်းရေးဌာနကြီးမှူး ဒေါ်သင်းမျိုးမျိုးအောင်တို့နှင့်အတူ  ပဲခူးမြို့ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့်စားသောက်ဖွယ်ရာများ လာရောက်လှူဒါန်း ပေးကြကြောင်း သိရသည်။   

ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာဒေါ်သက်သက်ဇင်နှင့် အဖွဲ့ဝင်များသည် ပဲခူးတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများနှင့်အတူ ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖွင့်လှစ်ထားရှိသည့် သဘာသဘေးကွပ်ကဲမှုရုံးသို့ သွားရောက်၍ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ပဲခူးမြို့ရေဘေးသင့်ပြည်သူများအတွက် တာဝန်ရှိသူများထံ အလှူငွေ (၃၁၉၀၅၀၀)ကျပ်နှင့် စားသောက်ဖွယ်ရာများ လှူဒါန်းပေးရာ ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ကြသည်။     

ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာဒေါ်သက်သက်ဇင်နှင့် အဖွဲ့ဝင်များသည် ပဲခူးတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့်အတူ ဖောင်တော်ဦးရပ်ကွက်ရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး ရေဘေးကယ်ဆယ်ရေးစခန်းသို့ သွားရောက်ပြီး ရေဘေးသင့်ပြည်သူ (၁၅၃၃)ဦးအတွက် အာဟာရထမင်းဗူးများ၊ မုန့်မျိုးစုံ၊ အအေးပုလင်း၊ သောက်ရေသန့်နှင့် ခေါက်ဆွဲခြောက်များကို ဝေငှပေးပြီး ရွှေဘုန်းပွင့်ကျောင်းဆရာတော်အား ဖူးမြော်ကန်တော့ကာ နဝကမ္မနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။   

ယင်းနောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာဒေါ်သက်သက်ဇင်နှင့် အဖွဲ့ဝင်များသည် ပဲခူးတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များအတူ ရပ်ကွက်အတွင်း ရေနှစ်မြှုပ်နေသည့် နေအိမ်များသို့လှေများဖြင့်သွားရောက်ပြီး အာဟာရထမင်းဗူးများ၊ မုန့်မျိုးစုံ၊ အအေးပုလင်း၊ သောက်ရေသန့်နှင့် ခေါက်ဆွဲခြောက်များ ဝေငှပေးခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)