တောင်ငူမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်စီမံခန့်ခွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ငူ  အောက်တိုဘာ  ၁၃

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်အတွင်း စစ်တောင်းမြစ်ရေ မြင့်တက်လာမှုကြောင့် သဘာဝဘေးအန္တရာယ်ကြိုတင်စီမံခန့်ခွဲနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နတ်သျှင်နောင်ခန်းမ၌ ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ကျင်းပသည်။

အစည်းအဝေး၌ တောင်ငူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင် က တောင်ငူမြို့သို့ ဖြတ်သန်းစီးဆင်းသည့် စစ်တောင်းမြစ်ရေမြင့်တက်လာမှုအခြေအနေများ၊  မြစ်ကမ်းပါးအနီး တည်ရှိကြသည့် ရပ်ကွက်များ၊ ကျေးရွာများတွင် နေထိုင်ကြသည့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုမရှိစေရေးအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ကြိုတင်စီမံဆောင်ရွက်ရမည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင်များက သဘာဝဘေးကြိုတင်စီမံခန့်ခွဲရေးကော်မတီဝင်များအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

တောင်ငူမြို့နယ်၏ စစ်တောင်းမြစ်ရေ စိုးရိမ်ရေအမှတ်သည် (၆၀၀) စင်တီမီတာဖြစ်ပြီး ယနေ့ ၁၂ ရက်နေ့ တိုင်းထွာချက်အရ စိုးရိမ်ရေအမှတ် (၅၄၀) စင်တီမီတာသို့ ရောက်ရှိလျက်ရှိကြောင်း၊ ရာသီဥတုအခြေအနေများကြောင့် မြစ်ရေဆက်လက်မြင့်တက်ကာ စိုးရိမ်ရေအမှတ်သို့ နောက်(၂)ရက်အတွင်း ခန့်မှန်းရောက်ရှိနိုင်ကြောင်း မြို့နယ်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဦးစီးမှူး ဦးမျိုးအောင် က သုံးသပ်ပြောကြားသည်။

တောင်ငူမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရန် ကြိုတင်စီမံဆောင်ရွက်ထားလျက်ရှိပြီး လူဦးရေ (၁၈၀၀၀) ကျော် ဝင်ဆံ့နိုင်သည့် ရေဘေးကယ်ဆယ်ရေးစခန်း (၉၅) ခု လျာထားဆောင်ရွက်ထားကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ခရိုင် (ပြန်/ဆက်)