မင်းဘူး အောက်တိုဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်အတွင်းရှိ အသက် (၇၅) နှစ်အထက် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား မြတ်ဆရာပူဇော်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားကို ကန်တော့ကျိုးဖြင့် ပူဇော်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်မြင်က အဖွင့်အမှာစကား ပြောကြားကာ မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးခင်မောင်လင်းက မြတ်ဆရာပူဇော်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသော အငြိမ်းစား ဆရာကြီး၊ ဆရာမကြီး (၇၀) ဦးအား ကန်တော့ခံ ပစ္စည်းများဖြင့် ပူဇော်ကန်တော့ကာ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိသည့် ဆရာ၊ ဆရာမများအား တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး၊ ကန်တော့ခံ အငြိမ်းစား ဆရာကြီးနှင့် ဆရာမကြီးများကိုယ်စား ဆရာကြီးတစ်ဦးက ဆုံးမဩဝါဒနှင့် ဆုမွန်ကောင်းများ တောင်းပေးကာ ဆုရရှိသည့် ဆရာ၊ ဆရာမများကိုယ်စား အ.ထ.က (ခွဲ) တောင်မန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်အိအိခင်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)