ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့နယ်မီးသတ်စခန်းတည်ဆောက်ရေး လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေး၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ

ဘားအံ အောက်တိုဘာ ၁၃

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီးမင်းသူကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက် ၈ နာရီခန့်က ဘားအံမြို့၊ အမှတ်(၆)ရပ်ကွက်၊ သီရိလမ်းရှိ ဘားအံမြို့နယ်မီးသတ်စခန်း တည်ဆောက်ရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်မီးသတ်စခန်း(၇၃ပေ x ၅၂ပေ x ၂၆ပေ) RC (၂)ထပ် တည်ဆောက်ရေးလုပ်ငန်းရှင်းလင်းဆောင်၌ ပြည်နယ်မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ယူတည်ဆောက်သည့် MKK Engineering & Constructions Co.,Ltd မှ တာဝန်ရှိသူ တစ်ဦးတို့က ကရင်ပြည်နယ်အစိုးရအဖွဲ့ဘဏ္ဍာ ရန်ပုံငွေ တင်ဒါအောင်မြင်သည့်တန်ဖိုး ၃၁၅ ဒဿမ ၅၈၁ သန်းဖြင့် တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်မီးသတ်စခန်း တည်ဆောက်ရေးလုပ်ငန်း ၁၀ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးမှု၊ အဆိုပါမီးသတ်စခန်းပရိဝုဏ်အတွင်းရှိ လေးခန်းတွဲ နှစ်ထပ်ဝန်ထမ်းအိမ်ရာနှင့် လေးခန်းတွဲ အခြားအဆင့်လူပျိုဝန်ထမ်းအိမ်ရာတို့အား ကြည့်ရှုစစ်ဆေး ကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန်စေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများတွေ့ဆုံပွဲကို နံနက် ၁၀ နာရီခန့်က ဘားအံ မြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများသည် အခြေခံအကျဆုံးအဖွဲ့အစည်းဖြစ်ကြောင်း၊ လူဦးရေနှင့်အိမ် အကြောင်းအရာသန်းခေါင်စာရင်း စမ်းသပ်ကောက်ယူလျက်ရှိပြီး မှန်ကန်တိကျသည့်လူဦးရေအပေါ်အခြေခံ၍ မဲဆန္ဒရှင်လူဦးရေ စာရင်းကိုရရှိနိုင်မည်ဖြစ်ရာ တိတိကျကျဖြစ်အောင် ပူးပေါင်းကူညီဆောင်ရွက်ပေးကြစေလိုကြောင်း၊  နယ်မြေတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး များအနေဖြင့် လုံခြုံရေးတာဝန်များထမ်းဆောင်နေသော သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းလက်တွဲဆောင်ရွက်ကြ စေလိုကြောင်း၊ ပြည်နယ်၏ မြို့တော်ဘားအံကို သန့်ရှင်းသာယာ လှပသော Green City၊ Clean City ဖြစ်အောင် ဆောင်ရွက်လျက်ရှိပြီး ခရီးသွားဧည့်သည်များ နေ့စဉ် ဝင်ထွက်သွားလာနေသည့် မြို့ဖြစ်သည့်အတွက် မိမိရပ်ကွက်၊ ကျေးရွာများ သန့်ရှင်းသပ်ရပ်မှုရှိစေရန် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အားပေးမြှင့်တင် လျက်ရှိပြီး တရားမဝင်စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ခြင်းကို အရေး ယူဆောင်ရွက်ကြဖို့လို ကြောင်း၊ သီးထပ်စွမ်းအားတိုးတက်စေရန် စပါးရိတ်သိမ်းပြီးသည့်ကုန်းမြင့်လယ်မြေများအားလုံး ဆီထွက်သီးနှံ နေကြာ၊ မြေပဲ၊ နှမ်းတို့ကို စိုက်ပျိုးလုပ်ကိုင်ကြရန် တွန်းအားပေးကြပ်မတ်ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးဦးစိုးလွင်က ရွေးကောက်ပွဲကျင်းပနိုင်ရေး မဲစာရင်းမှန်ကန်ရန် ဆောင်ရွက်ခြင်း၊ မြေပြင်စာရင်းကောက်ယူခြင်း၊ ပြန်လည်ပြင်ဆင်ဖြည့်စွက်ခြင်းများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများပူးပေါင်းကူညီရမည့်ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးပြောကြားသည်။

ယင်းနောက် မြို့နယ်အဆင့်ဌာနဆိုင်ရာများက ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေ အနေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက  စိုက်ပျိုးရေရရှိရေး၊ ကုန်ထုတ်လမ်းများဖောက်လုပ်ပေးနိုင်ရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ လိုလားချက်၊ လိုအပ်ချက်များနှင့် ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)