ပဲခူး အောက်တိုဘာ ၁၃
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့အတွင်း ရေများပြန်လည်ကျဆင်းလာပြီးဖြစ်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် စတင်ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးသဘာဝဘေးကွပ်ကဲမှုရုံး၌ ရေဘေးကယ်ဆယ်ရေးနယ်မြေအလိုက် ကြီးကြပ်သူ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရေဘေး ကယ်ဆယ်ရေး စခန်းတာဝန်ခံ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ ပဲခူးမြို့အတွင်း ရေများပြန်လည်ကျဆင်းလာပြီဖြစ်၍ ဦးစားပေးနေရာများအလိုက် သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို တစ်ပြိုင်တည်း ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ ယာယီရေဘေးရှောင်ကယ်ဆယ်ရေး စခန်းများမှ ဒေသခံပြည်သူများ မိမိတို့နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးနိုင်ရေးအတွက် သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်များ ကြိုတင်စီစဉ်ထားရန်လိုအပ်ပြီး ကျန်းမာရေးနှင့်ပတ်သက်၍ အဘိတ်ဆေးခတ်ခြင်း၊ ရေသန့်ဆေးပြားဖြန့်ဝေခြင်း၊ ခြင်ဆေးမှုတ်ခြင်းများအပြင် ရေဝပ်နေသည့် ရပ်ကွက်များတွင် ဆိုလာ စနစ်ဖြင့် ရေစုပ်ထုတ်နိုင်ရေး ပြင်ဆင်ထားရန်လိုအပ်ကြောင်း၊ ပဲခူးမြစ်ရေကြီးမှုကြောင့် ပဲခူးမြို့အတွင်း ရေဝင်ရောက်မှုမရှိစေရေး ရေဝင်/ရေထွက်ပေါက်များ ပြန်လည်အဆင့်မြှင့်တင်ရန်၊ ရေတား တာတစ်လျှောက် တာကြံ့ခိုင်ရေးစစ်ဆေးရန်နှင့် အမြင့်ဆုံးရောက်ရှိခဲ့သည့်ရေအမှတ်အပေါ် အခြေခံပြီး ရေတားတာများ ပြန်လည်ပြင်ဆင်နိုင်ရေး ကွင်းဆင်းစိစစ်တွက်ချက်တင်ပြရန်၊ ပျက်စီးစွားသည့် လမ်းများအား ပြန်လည်ပြင်ဆင်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်အတူ ရေများပြန်လည်ကျဆင်းသွားခဲ့သည့် ရုံးကြီးရပ်ကွက်နှင့် ဆိုရှယ်လစ်ရပ်ကွက်များရှိ ဒေသခံပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ရေသန့်စင်စက်တပ်ဆင်ထားသည့် မော်တော်ယာဉ်ဖြင့် ရေသန့်အခမဲ့ဖြန့်ဝေပေးနေမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ဖြန့်ဝေ ပေးမည့် ရပ်ကွက်အလိုက် အချိန်ဇယားဖြင့် ထုတ်ပြန်အသိပေးထားရန်၊ ရေသန့်စင်စက်သို့ လာရောက် ရေပို့ဆောင်မည့် မီးသတ်ရေသယ်ယာဉ်များ အသင့်ထားရှိရန်၊ သောက်သုံးရေ အခက်အခဲရှိသည့် ရပ်ကွက်/ ကျေးရွာများ စာရင်းပြုစုတင်ပြရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီး၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ ဒုတပ်မမှူးတို့သည် အများနှင့်သက်ဆိုင်သည့် မြို့မစျေးကြီး၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတို့၌ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများ စုပေါင်းအားဖြင့် သန့်ရှင်းရေးပြုလုပ်နေမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး လျှပ်စစ်များအား စနစ်တကျစစ်ဆေး၍ ဓါတ်အားအမြန်ရရှိရေး ဆောင်ရွက်ပေးရန်၊ မြေအောက်ရေကန်များ ပြန်လည်သန့်ရှင်းရေး ပြုလုပ်ပေးရန်၊ အမှိုက်များ တစ်ပါတည်းသိမ်းဆည်းရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကာ သန့်ရှင်းရေးပြုလုပ် နေသူများအား နေ့လည်စာထမင်းထုပ်များနှင့် သီးခြားထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့အတွင်း ရေပြန်လည် ကျဆင်းခဲ့မှု အခြေအနေများအား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဟံသာဝတီရှေးဟောင်းမြို့ရိုး၊ မိုးကောင်း တံခါးပေါက်ရှိ ကျုံးရေထွက်ပေါက် အမှိုက်များ ဖယ်ရှားရှင်းလင်းခြင်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)