ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ နယ်လှည့် အသိပညာပေး ဟောပြောခြင်းနှင့် နံရံစာစောင်၊ ဓာတ်ပုံပြပွဲ ကွင်းဆင်း ဆောင်ရွက်

ပွင့်ဖြူ အောက်တိုဘာ ၁၃

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားလူငယ်များ ဗလငါးတန် ဖွံ့ဖြိုးစေရန်နှင့် အသိဉာဏ်ပညာ ဗဟုသုတတိုးပွားပြီး ထူးချွန်ထက်မြက်သော လူတော်လူကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က အောက်တိုဘာ ၁၁ ရက်၊ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲသို့ သွားရောက်ပြီး နယ်လှည့် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် ၊ ဓာတ်ပုံပြပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး ဆွေးနွေးဟောပြောရာတွင် ဦးစွာ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇင်မာအောင်က ကျောင်းသား ကျောင်းသူများ ပညာရည် ထူးချွန်ထက်မြက်သော လူတော်လူကောင်းများ ဖြစ်လာစေရန်အတွက် ပညာသင်ယူချိန် အရွယ်၌ ဘဝရည်မှန်းချက်များ ချမှတ်၍ ကြိုးစားသင်ယူကြရန်၊ စာပေအသိပညာဗဟုသုတ တိုးပွားရေးအတွက် အားလပ်ချိန်များတွင် သုတရသ စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာကြရန် ဆွေးနွေး ဟောပြောသည်။

ဆက်လက်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန(တာဝန်ခံ) ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးဝင်းက ကျောင်းသား ကျောင်းသူများ အစားအစာ ဘေးကင်း လုံခြုံစေရေးအတွက် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးရန်လင်းအောင်က ကိုယ်ကာယ ကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးစေရန် လိုက်နာဆောင်ရွက်ရမည့် အားကစားပြုလုပ်ပုံ နည်းစနစ်များနှင့် ရှောင်ကြဉ် သတိပြုရမည့် အချက်များကို လည်းကောင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းက ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။

ထို့နောက်  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် မူးယစ်ဆေးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် မှတ်တမ်းဓာတ်ပုံများကို ခင်းကျင်း ပြသ၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများက စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်သည့် သိမှတ်ဖွယ် ပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးရာ ကျောင်းသား ကျောင်းသူများက စိတ်ဝင်တစ်စား ဖတ်ရှုလေ့လာခဲ့ကြသည်။ ယင်းနောက် မြို့နယ်အားကစားမှူး ဦးရန်လင်းအောင်က ကျောင်းသား ကျောင်းသူများ အားကစားလေ့ကျင့်နိုင်ရန်အတွက် အားကစားပစ္စည်းများကို ကျောင်းအုပ်ဆရာမကြီးထံ ထောက်ပံ့ပေးအပ်ခဲ့သည်။ အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ ၂၅၈ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )