ဝေါ အောက်တိုဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်လာစေရန် ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် နှုတ်မှုစွမ်းရည်များ တိုးတက်မြင့်မားလာစေရန်နှင့် တစ်ဦးနှင့်တစ်ဦး အသိပညာများ၊ အတတ်ပညာ များဖလှယ်နိုင်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀:၀၀ နာရီတွင် ဝေါမြို့အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ပုဂံ၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာကြီး ဦးတင်စန်းဝင်း က အဖွင့်အမှာစကားပြောကြားပြီး ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက Moderator အဖြစ် ဆောင်ရွက်ပေးပြီး အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ပုဂံမှ ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် Grade-8 မှ မမိုးနဒီ က လူညံ့တစ်ယောက်မဖြစ်ဖို့ စာဖတ်ပါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-8 မှ မအိမိုးမိုးစံက မှားဖူးလားခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-8 မှ မခင်ခြူပိုင်က သင်ကြိုးစားနေတာလားနှင့် Grade-8 မှ မောင်ဝေယံနိုင်က သင်အောင်မြင်နေပြီလားခေါင်းစဉ်ဖြင့် အသီးသီး ဦးဆောင်ဆွေးနွေးပေးသည်။
ယင်းနောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာ ဦးဆောင်ဆွေးနွေးသူများမှ ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားခဲ့သည်။
ဆက်လက်၍ ဝေါမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်များအား တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာမှတ်သားကြကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)