တောင်ငူမြို့၌ (၆၂) ကြိမ်မြောက် သံဃမဟာပဝါရဏာပွဲတော်ကြီး ကျင်းပနိုင်ရး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယအကြိမ်ကျင်းပ

တောင်ငူ  အောက်တိုဘာ  ၁၃

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့၌ (၆၂)ကြိမ်မြောက် သံဃမဟာပဝါရဏာပွဲတော်ကြီး ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ရုံး၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားအား “နမောတဿ” သုံးကြိမ်ရွတ်ဆိုကာ ဘုရားကန်တော့ ဖွင့်လှစ်သည်။

ဆက်လက်၍ အစည်းအဝေးအားကျင်းပရာ သံဃမဟာပဝါရဏာပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဝင်းအောင် က ပဝါရဏာလောင်းလှူရေးကိစ္စနှင့် ပတ်သက်၍ လိုအပ်လျက်ရှိသည့် လုပ်ငန်းကိစ္စများအား လမ်းညွှန်မှာကြားသည်။ ထို့နောက် သံဃမဟာပဝါရဏာပွဲတော်ကျင်းပရေး နာယကအဖွဲ့ဝင် ဦးရဲဝင်း၊ ဦးမြင့်ညိုနှင့် ဦးလှငြိမ်းတို့က ဆောင်ရွက်ရမည့်လုပ်ငန်းကိစ္စများအား လည်းကောင်း၊ သံဃမဟာပဝါရဏာပွဲတော်ဖြစ်မြောက်ရေး ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်ဆွေနှင့် အတွင်းရေးမှူး ဦးယဥ်ဌေးတို့က ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းများနှင့် ဆောင်ရွက်ရန် ကျန်ရှိသောလုပ်ငန်းများအားလည်းကောင်း အသီးသီး တင်ပြဆွေးနွေးကြသည်။

ယင်းနောက် ဆပ်ကော်မတီအလိုက် ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများက ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းများအား တင်ပြဆွေးနွေးကြသည်။ အဆိုပါ တင်ပြဆွေးနွေးမှုများအပေါ် သံဃမဟာပဝါရဏာပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဝင်းအောင်နှင့် တာဝန်ရှိသူများက ဖြည့်စွက်မှာကြားပြီး အခမ်းအနားအား “ဗုဒ္ဓသာသနံစိရံတိဌတု”  သုံးကြိမ်ရွတ်ဆိုကာ ဘုရားကန်တော့၍  ရုပ်သိမ်းခဲ့သည်။

နှစ်စဥ် ဝါလကင်းလွတ်သီတင်းကျွတ်ကာလ၌ တောင်ငူမြို့နယ်အတွင်း သံဃမဟာပဝါရဏာပွဲတော်ကြီးကို အစဥ်အမြဲကျင်းပလျက်ရှိရာ ယခုနှစ်တွင် (၆၂) ကြိမ်မြောက်အဖြစ်  သမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ကျင်းပဆောင်ရွက်မည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ ဆရာတော်ကြီးများ၊ သံဃာတော်များအား ဆွမ်း ဆန်တော်နှင့် လှူဖွယ်ဝတ္တုပစ္စည်းများကို သီတင်းကျွတ်လပြည်နေ့၌ မြို့လုံးကျွတ် လောင်းလှူပူဇော်မည်ဖြစ်သည်။ ထို့ပြင် သီတင်းကျွတ်လပြည့်နေ့ ညပိုင်း၌ တောင်ငူမြို့၏ ကျက်သရေဆောင် သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ဆီမီးကိုးထောင်ကပ်လှူပူဇော်မှုများ ပြုလုပ်မည်ဖြစ်ပြီး မြန်မာ့ယဥ်ကျေးမှု ထုံးတမ်းအစဥ်အလာများကို မပျောက်ပျက်စေဘဲ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)