စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့နယ်၊ ကျွဲရဲ(တောင်)၊ ကျွဲရဲ(မြောက်) ကျေးရွာများရှိ ဆရာတော်ကြီးများထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

မုံရွာ အောက်တိုဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့နယ်၊ ကျွဲရဲ (တောင်) ကျေးရွာ၊ ဒက္ခိဏာရာမကျောင်းတိုက်သို့ ရောက်ရှိရာ ဘဒ္ဒန္တဣကံသ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက ငါးပါးသီလခံယူဆောက်တည်ကြသည်။

ယင်းနောက် ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံများ အသီးသီးဆက်ကပ် လှူဒါန်းကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျွဲရဲ(မြောက်)ကျေးရွာ၊ ညောင်ပင်သာကျောင်းတိုက်သို့ ရောက်ရှိရာ ဘဒ္ဒန္တသာသန ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျွဲရဲ(မြောက်) ကျေးရွာအတွင်းရှိ ကောက်ကွက် ၃ ကွက်အား အဖွဲ့ ၅ ဖွဲ့ခွဲကာ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူနေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးကာ ကျေးရွာနေပြည်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး ကျေးရွာဖွံ့ဖြိုးလုပ်ငန်းများနှင့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။

အဆိုပါ စမ်းသပ်သန်းခေါင် စာရင်းကောက်ယူမှုအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ မုံရွာမြို့နယ်အတွင်းရှိ ရုံးကြီးရပ်ကွက်တွင် ကောက်ကွက် ၂ ကွက်၊ သပြေတောကျေးရွာတွင် ကောက်ကွက် ၁ ကွက်၊ ကော်လပြကျေးရွာတွင် ကောက်ကွက် ၂ ကွက်၊ ကျွဲရဲ(တောင်)ကျေးရွာတွင် ကောက်ကွက် ၂ ကွက်၊ ကျွဲရဲ(မြောက်) ကျေးရွာတွင် ကောက်ကွက် ၃ ကွက် စုစုပေါင်းကောက်ကွက် ၁၀ ကွက်ဖြင့် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူသွားမည်ဖြစ်သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျေးရွာများရှိ ဒေသခံပြည်သူများအား မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မုံရွာခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ စားသုံးဆီများအား ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေး နေမှုများအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)