လိပ်သို အောက်တိုဘာ ၁၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူများ တွေးခေါ်ကြံဆဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရှိ၍ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်ထွန်းစေရန်၊ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် အားလပ်ချိန်ကို စနစ်တကျမှန်ကန်စွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်နော်ဘွေဖောက အမှာစကား ပြောကြားပြီး မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ကျောင်းသား/ကျောင်းသူများ စာပေလေ့လာဖတ်ရှုရမည့် အကြောင်းအရာများ၊ ပြင်ပဗဟုသုတစာပေများကို ရွေးချယ်ဖတ်ရှုရမည်ဖြစ်ကြောင်း၊ စာဖတ်ခြင်းသည် ရေပြည့်အိုးကိုဖြစ်စေကြောင်း၊ စာဖတ်သူသည် လမင်း၏အလင်းရောင်ကဲ့သို့ ထွန်းလင်းတောက်ပနေမည်ဖြစ်ကြောင်း၊ တိုးတက်ကြီးပွားမှု၏ အောင်မြင်မှုသည် လူငယ်တို့၏စွမ်းဆောင်ချက်များအပေါ်တွင် မူတည်နေကြောင်း၊ ကျောင်းသားလူငယ်တို့သည် လာမည့်အနာဂတ် ကာလတွင် တိုင်းပြည်၏ခေါင်းဆောင် နိုင်ငံ၏ခေါင်းဆောင်များဖြစ်လာမည်ဖြစ်ကြောင်း၊ စာဖတ်ခြင်းသည် လူသားတို့ကို အထူးသဖြင့် ဘ၀လမ်းကိုအားမာန်အပြည့်ဖြင့် တက်ကြွစွာလျှောက်လှမ်းနေကြသည့်လူငယ်များကို တိုးတက်ပြောင်းလဲစေနိုင်ကြောင်းတို့ကို အသိ ပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတ တိုးပွားစေရေးအတွက် အသိပညာဗဟုသုတကြွယ်၀ဖို့ စာအုပ်စာပေဖတ်ကြစို့၊ စာဖတ်ခြင်းသည် သစ်ပင်စိုက်ခြင်းနှင့်တူ၏ စဉ်းစားခြင်းသည် ရေလောင်းခြင်းနှင့်တူ၏ စသည့်အသိပညာပေး နံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများက လေ့လာကြည့်ရှု မှတ်သားခဲ့ကြကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)