ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အိမ်မဲမြို့နယ် ၂၀၂၃ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ တက်ရောက်ကြည့်ရှုအားပေး

အိမ်မဲ အောက်တိုဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် အိမ်မဲမြို့နယ် ဘုရားကြီးကုန်းကျေးရွာအုပ်စု ဆိတ်ချေးကုန်းကျေးရွာ တောင်သူ ဒေါ်သန်းထွေး၏ လယ်မြေကွင်းအမှတ် (၃၅-ခ)၊ ဦးပိုင်အမှတ် (၉၆/၆)မိုးစပါး သီးနှံနယူးဧရာ (၁)စိုက်ခင်းတွင် ယမန်နေ့ နေ့လယ်ပိုင်း က မိုးစပါးစံကွက် (၃)ဧက ရိတ်သိမ်း ပွဲသို့ တက်ရောက်ကြည့်ရှုအား ပေးခဲ့သည်။

အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့၊ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဌေးနှင့်အဖွဲ့၊ အိမ်မဲ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် အဖွဲ့၊ မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများ၊ စိုက်ပျိုးရေးလုပ်ကိုင်ကြသည့် တောင်သူများ တက်ရောက်ခဲ့သည်။

ဆက်လက်ပြီး၂၀၂၃ ခုနှစ်မိုးစပါးစံကွက် (၃) ဧက ရိတ်သိမ်းရာ အစိုတင်း (၁၄၄.၂၀)တင်း၊ အခြောက်တင်း (၁၃၃.၂၄)တင်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)