ရှမ်းရွာသစ်မြို့တွင် အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်းရှိ မိန်းကလေးငယ်များအား ပထမအကြိမ် (HPV) ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းဆောင်ရွက်

ရှမ်းရွာသစ်   အောက်တိုဘာ  ၂၁


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် အသက် (၉) နှစ်မှ (၁၀)နှစ်အတွင်းရှိ မိန်းကလေးငယ်များအား (HPV)  သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် အညီ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ(HPV)ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ရှမ်းရွာသစ်မြို့ရှိ စာရင်းကောက်ယူထားသည့် အသက် (၉)နှစ်မှ (၁၀)နှစ်အတွင်းရှိ မိန်းကလေးငယ်များအား ပထမအကြိမ် စတင်ထိုးနှံပေး ခြင်းဖြစ်ကြောင်း၊  သားအိမ်ခေါင်းကင်ဆာအများစုသည် (HPV)ပိုး ကြောင့်ဖြစ်ပြီး (HPV)    ပိုးအမျိုးအစား (၁၆) နှင့်(၁၈)ပိုးများက သားအိမ်ခေါင်းကင်ဆာ အားလုံး၏ (၇၀ ) ရာခိုင်နှုန်းဖြစ်ပွား ကြောင်း စသည်ဖြင့် အသိပညာပေးခဲ့ပြီး ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့သည်။
ကာကွယ်ဆေးကို မိန်းကလေးငယ်များ တစ်နှစ်ခြား (၂)ကြိမ်  စောလျင်စွာ ထိုးနှံပေးခြင်း အားဖြင့်  သားအိမ်ခေါင်း ကင်ဆာဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင်မည့် အခွင့်အလမ်းဖြစ်ပြီး  စာရင်းကောက်ယူထားသော မိန်းကလေးငယ်များ မကျန်ရှိစေရေးအတွက်  စနစ်တကျဆောင်ရွက်လျှက်ရှိကြောင်း  ကျေးလက်ကျန်းမာရေး ဌာန မှ သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)