ကော့ကရိတ် အောက်တိုဘာ ၁၂
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည်အနာဂတ် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား၊ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်/ဉာဏ်သွေး တိုးတက်မြှင့်မားလာစေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က အမှတ်(၁၇) အခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ နံရံကပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဉီးစီးမှူး သင်းမြတ်သော်က ကျောင်းသူ/ကျောင်းသားများ သည် ကျောင်းပညာရေးတွင်သာမက ဘက်စုံထူးချွန်သော ကျောင်းသား/သူများ ဖြစ်ထွန်းလာစေရန်အတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတ စာအုပ်/စာစောင်များကို ဖတ်ရှုလေ့လာသင့်ကြောင်းတို့ကိုလည်းကောင်း ဒေါဖြိုးသဥ္ဇာနွယ် ရုပ်သံကျွမ်းကျင်-၃မှ လူကုန်ကူးမှုဆိုင်ရာအကြောင်းအရာတို့ကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြပြီးနောက် ပုံပြင်ပြောခြင်းအစီစဉ်တို့ကို ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ထိုနောက် ကျောင်းသူ/ကျောင်းသားများသည် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး၊ လူကုန်ကူးမှုဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်များတို့ကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)