ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ကမမောင်းမြို့နှင့် မြိုင်ကြီးငူအထူးဒေသသို့ သွားရောက်၍ သင်တန်းဆင်းပွဲများတက်ရောက်

ဘားအံ အောက်တိုဘာ ၆

ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့၌ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော အရန်သားဖွားသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကမမောင်းမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်းသိရှိရသည်။

အဆိုပါအခမ်းအနားသို့  ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ခင်ဇော်၊ ကမမောင်းတပ်နယ် စကခ(၈)မှ တပ်မမှူး ဗိုလ်မှူးကြီး ဆန်းညွန့်လှိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖာပွန်မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာအောင်တိုက်ထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ သင်တန်းသူများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက အဖွင့်အမှာ စကားပြောကြားရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်တို့အနက် လူမှုရေးဦးတည်ချက်(၃)ရပ်တွင် တစ်မျိုးသားလုံး သက်ရှည် ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးဆိုသည့်အချက်နှင့်အညီ ပြည်သူတို့၏ ကျန်းမာရေးဆိုင်ရာပြဿနာများကို ကူညီဆောင်ရွက်ပေးရာတွင် အရန်သားဖွားဆရာမများ၏ အခန်းကဏ္ဍသည်လည်း အထူးအရေးကြီးပါကြောင်း၊ ထို့ကြောင့် ပြည်သူ့ကျန်းမာရေးဌာနမှ အရန်သားဖွားသင်တန်းကို ၃၁-၃-၂၀၂၃ရက်နေ့မှ ၃၀-၉-၂၀၂၃ရက်နေ့အထိ (၆)လ သင်တန်းကို ကျွမ်းကျင်ဆရာများက စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ သင်တန်းဆင်း အရန်သားဖွားဆရာမများအနေဖြင့် သင်တန်းမှပို့ချလိုက်သော ပညာရပ်များဖြင့် အကျိုးရှိစွာ ပြည်သူတို့၏ ကျန်းမာရေးဆိုင်ရာပြဿနာများကို ကုသဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ သို့မှသာ မိမိတို့ တတ်မြောက်ထားသော ပညာရပ်သည် အမှန်တကယ်အကျိုးရှိမည်ဖြစ်ပါကြောင်း၊ အရန်သားဖွား ဆရာမများပီပီ ကျေးလက်ဒေသနေ ကိုယ်ဝန်ဆောင်မိခင်တို့၏  ကျန်းမာရေးကို အစဉ်တစ်စိုက် ပြုစုစောင့်ရှောက်ပေးခြင်းအားဖြင့် ပြည်သူတို့၏ အားကိုးယုံကြည်မှုကို ရရှိမည်ဖြစ်ပါကြောင်း အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။

ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယရရှိခဲ့သော သင်တန်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ခဲ့ပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်က ဆေးဘက်ဆိုင်ရာပစ္စည်းများကို သင်တန်းသူများအား ပေးအပ်ခဲ့ပြီး သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ကမမောင်းမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှုပြီး  ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံတက်ရောက်ကုသနေသော လူနာများအား ရင်းရင်းနှီးနှီး တွေ့ဆုံပြီး အာဟာရပစ္စည်း (၃)မျိုးအား ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ကမမောင်းမြို့ရှိ ကိုးနဝင်းဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်း သက်မွေးပညာ သင်တန်းကျောင်း (မြိုင်ကြီးငူ)၌ အဆင့်မြှင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၆) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် ပြည်ထောင်စုဖွားတိုင်းရင်းသားတို့ဖြင့် ပေါင်းစည်းနေထိုင်လျက်ရှိသော ပြည်ထောင်စုနိုင်ငံ ဖြစ်ကြောင်း ပြည်ထောင်စုတိုင်းရင်းသားအားလုံး ဥမကွဲသိုက်မပျက် ရာသက်ပန် စည်းလုံးညီညွတ်စွာ ပူးပေါင်း လက်တွဲနေထိုင်သမျှကာလပတ်လုံး မြန်မာနိုင်ငံကြီး ထာဝရခိုင်ခံ့တည်မြဲနေပြီး ဖွံ့ဖြိုးတိုးတက်သာယာနေမည် ဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတွင် နိုင်ငံတော်၏ တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် လူမှုစီးပွားဘဝ ခိုင်မာတောင့်တင်းရန် အဓိကလိုအပ်ချက်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း(မြိုင်ကြီးငူ) ကျောင်းအုပ်ကြီးက သင်တန်းဆိုင်ရာကိစ္စရပ်များနှင့် သင်တန်းကာလအတွင်း သင်တန်းသူများ၏ လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများအား ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်က သင်တန်းတွင် ထူးချွန်ဆု ရရှိသော သင်တန်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း၊ သင်တန်းဆင်းလက်မှတ်များအား ပေးအပ်ပြီး သင်တန်းသူ တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် ဖာပွန်မြို့မှ စစ်ဘေးရှောင် ကျောင်းသားကျောင်းသူများအတွက် ပညာရေးထောက်ပံ့ငွေကျပ် (၁၉၅)သိန်း ပေးအပ်ခဲ့ရာ မြိုင်ကြီးငူ နယ်ခြားစောင့်တပ်မှ ဒုတိယဗိုလ်မှူးကြီးကျော်ထူးက လက်ခံရယူခဲ့သည်။

ယင်းနောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မြိုင်ကြီးငူ အထူးဒေသရှိ မြိုင်ကြီးငူဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

ပြည်နယ်(ပြန်/ဆက်)