လိပ်သိုမြို့လူထုအခြေပြုဗဟိုဌာန၌ “ရောဂါကင်းဝေးကျန်းမာဖို့ ဆေးလိပ် ဆေးရွက်ကြီး ရှောင်ကြဉ်စို့” အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

လိပ်သို အောက်တိုဘာ   ၆

ဆေးလိပ်သောက်ခြင်းနှင့် ဆေးလိပ်ငွေ့ရှူရှိုက်မိခြင်းတို့ကြောင့် ဖြစ်ပေါ်တတ်သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများအကြောင်းကို ကလေးငယ်များ၊ ကျောင်းသား/ ကျောင်းသူများအား သိရှိစေရန်ရည်ရွယ်၍ မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ  ၂ နာရီအချိန်က “ရောဂါကင်းဝေးကျန်းမာဖို့ ဆေးလိပ်ဆေးရွက်ကြီး ရှောင်ကြဉ်စို့” အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ကျောင်းသား/ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရန်၊ ဆေးလိပ်သောက်သုံးသူများသည် မသောက်သူများထက် အဆုတ်ကင်ဆာနဲ့ သေဆုံးနိုင်ခြေ ၂၅ ဆ ပိုများကြောင်း၊ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူရှိုက်သူတွေဟာ ကိုယ်တိုင်ဆေးလိပ် သောက်သုံးသူများနည်းတူ ရောဂါရရှိစေကြောင်း၊ ကင်ဆာရောဂါကြောင့် သေဆုံးသူတွေရဲ့  ၁၀ ရာခိုင်နှုန်းသည် ကိုယ်တိုင် ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲသူမဟုတ်ဘဲ တခြားသူသောက်သုံးတဲ့ဆေးလိပ်ငွေ့ကို ရှူရှိုက်မိလို့ဖြစ်ကြောင်း၊ ဆေးလိပ်ငွေ့တွေဟာ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အဆုတ်ထဲကို ရှူသွင်းရတာကြောင့် အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်များကို များစွာထိခိုက်စေကြောင်း၊ ဆေးလိပ်၊ ဆေးရွက်ကြီးထွက် ပစ္စည်းတိုင်းသည် အန္တရာယ်ဖြစ်စေကြောင်းတို့ကို အသိပညာဗဟုသုတရရှိစေရန် ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့နံရံကပ်ပြဘုတ်တွင် ပြသထားသော ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲသူ၏ ခန္ဓာကိုယ်၊ ဆေးရွက်ကြီးပစ္စည်း များသည် ကျန်းမာရေးကိုထိခိုက်စေကြောင်း၊ ဆေးလိပ်ငွေ့ ရှူရှိုက်ရခြင်းကြောင့် အရွယ်ရောက်ပြီးသူများတွင်   နှလုံးသွေးကြောမကြီးရောဂါနှင့်   အဆုတ်ကင်ဆာဖြစ်နိုင်ကြောင်း စသည့်အကြောင်းအရာများပါ နံရံကပ်စာစောင် ပြသဆောင်ရွက်ထားရှိမှုကို ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများက ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)