ဘားအံမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် သင်တန်းများ ဖွင့်လှစ်မည်

ဘားအံ   အောက်တိုဘာ ၆

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း(ဘားအံ)တွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၇)နှင့် ရိုးရာဂျပ်ခုတ်သင်တန်းအမှတ်စဉ်(၂၁)သင်တန်းများကို ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါသင်တန်းတွင် တက်ရောက်ရမည့် သင်တန်းသူများမှာ အသက်(၁၆)နှစ်မှ (၃၀)နှစ်အတွင်း ဖြစ်ပြီး ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်၊ သင်တန်းအပေါ်စိတ်ဝင်စားပြီး သင်တန်းပြီးဆုံးသည်အထိ တက်ရောက်ရမည်၊  မြန်မာစာ ရေးတတ်၊ ဖတ်တတ်ရမည်ဖြစ်ပြီး အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းတွင် အမျိုးသမီးဝတ်အင်္ကျီ၊ ချိတ်ထမိန်၊ သုံးလွှာစကတ်၊ လေးလွှာစကတ်၊ မိန်းမဝတ်ပုံဆန်းအမျိုးမျိုး၊ ယူနီဖောင်းအင်္ကျီဘောင်းဘီ၊ တစ်ထပ်ကုတ်အင်္ကျီ၊ စတိုင်ဘောင်းဘီ၊ ခေတ်ပေါ်စကဒ်အတိုအရှည်၊ ခေတ်ပေါ်ပွဲတက်ပုံဆန်းများ၊ ဂါဝန်ပုံဆန်းအမျိုးမျိုး၊ သတို့သမီးထိုင်မသိမ်းဝတ်စုံချုပ်နည်း၊ မော်တော်စက်နင်းပညာများ၊ လက်မှုပညာတွင် ဇာထိုး/ပန်းထိုးပညာများ၊ ပွဲတက်လက်ကိုင်အိတ်ထိုးနည်းများ၊ စမော့ကင်ထိုးနည်းများ သင်ကြားပေးသွားမည်ဖြစ်သည်။     

ရိုးရာဂျပ်ခုတ်သင်တန်းတွင် အပွင့်ကောက်နည်း၊ ခေါင်းပေါင်း(ကျား/မ) ရက်လုပ်နည်း၊ ဖုန်းလွယ်အိတ်ရက်လုပ်နည်း၊ ခြုံပုဝါရက်လုပ်နည်း၊ မိန်းမဝတ်အင်္ကျီအတိုရက်လုပ်နည်း၊ ယောက်ျားဝတ် အင်္ကျီအတိုရက်လုပ်နည်း၊ မိန်းမဝတ်ဂါဝန်အင်္ကျီရက်လုပ်နည်း၊ ပုဆိုးရက်လုပ်နည်းများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းများကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၃)ရက်နေ့မှ ၂၀၂၄ ခုနှစ် မတ်လ(၂၂) ရက်နေ့အထိ ရက်သတ္တပတ် (၂၂)ပတ်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းတက်ရောက်မည့်သူများအား သင်ထောက်ကူပစ္စည်းများ၊ နေထိုင်စားသောက်ရေးနှင့် ခရီးစရိတ်များ  ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီးထံမှ သိရှိရသည်။

ခရိုင်ပြန်/ဆက်