မြိတ်မြို့ အ.ထ.က(၅)တွင် ကျောင်းသား/သူ  လူငယ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်း ကျင်းပ

မြိတ်  အောက်တိုဘာ   ၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/သူ လူငယ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်းကို အ.ထ.က(၅)မြိတ်တွင် ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။

ကျောင်းသား/သူ လူငယ်များကို သူငယ်ချင်း အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့် များရရှိစေရန်၊ အများအရှေ့တွင် ပြောဆိုသည့်အခါတွင်လည်း ယဉ်ကျေးမှုနှင့်အညီပြောဆိုတတ်ရန်၊ သူငယ်ချင်းအချင်းချင်း ပြန်လည်ပြီး မျှဝေတတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စဉ်းစားဆင်ခြင်ဉာဏ်များတိုးတက်စေရန်ရည်ရွယ်ပြီး လူငယ်စကားဝိုင်းကို ကျင်းပခြင်းဖြစ်သည်။

 စကားဝိုင်း ဆွေးနွေးပွဲကို မြို့နယ်ပညာရေးမှူး ဦးကျော်ရှိန်က အဖွင့်အမှာစကားပြောကြား၍  မြိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က  လူငယ်စကားဝိုင်း ကျင်းပရသည့်  ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို စတင်ခဲ့သည်။

စကားဝိုင်းဆွေးနွေးပွဲတွင် လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့် ကျန်းမာရေးစသည့်ခေါင်းစဉ်များဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ချိုချိုစန်းက Moderator ဖြင့် ဆောင်ရွက်၍ အထက်တန်း ကျောင်းသား/သူ(၄)ဦးက ဦးဆောင်ဆွေးနွေးခဲ့ကြကာ တက်ရောက်လာကြသည့် ကျောင်းသား/သူများက ပါဝင်၍ မေးမြန်းဆွေးနွေးခဲ့ကြပြီး ဦးဆောင်သူများက ပြန်လည် ဖြေကြားခဲ့ကြသည်။

ဆွေးနွေးပွဲအပြီးတွင် ဦးဆောင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား/သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ဂုဏ်ပြုမှတ်တမ်းပေးအပ်ခဲ့ပြီး ကျောင်းအုပ်ဆရာကြီး ဦးအောင်မိုးက ကျေးဇူးတင်စကား  ပြောကြားသည်။ စကားဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါး ဆိုးကျိုးများအကြောင်း အသိပညာပေး နံရံကပ်စာစောင်ကို ပြသပေးခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။

ခိုင်ထူး (ပြန်/ဆက်)