၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ယူမည့်မဲရုံမှူး၊ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်း ဆွေးနွေးပို့ချ

တနင်္သာရီ   အောက်တိုဘာ  ၂၁


တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈) ရက်နေ့၌ ကျင်းပပြုလုပ်မည့် လွှတ်တော်ရွေးကောက်ပွဲတွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် တာဝန်ယူကြမည့် ဆရာ/ဆရာမများအား နယ်မြေ(၂) ဘန်းလမွတ်ကျေးရွာ ဇေယျသိဒ္ဓိဘုန်းတော်ကြီးကျောင်း အတွင်း ယမန်နေ့နံနက်(၉)နာရီမှ ညနေ(၄)နာရီ အထိ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ မဲပေးပုံအဆင့်ဆင့်၊ ဆန္ဒမဲ ရေတွက်မှု၊ဆန္ဒမဲရလဒ်တွက်ချက်မှုများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့်အညီလိုက်နာဆောင်ရွက်ရမည့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား သက်ဆိုင်ရာတာဝန်ရှိသူ များက ဆွေးနွေးပို့ချပေးကြကြောင်း သိရှိရသည်။
ယင်းသို့ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များအား သင်တန်းပို့ချဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ နယ်မြေ(၇)နေရာခွဲ၍ မြို့နယ်ပညာရေးမှူးရုံးမှ ခန့်အပ်ရန်ရွေးချယ်ထားသော ပညာရေးဝန်ထမ်း များဖြစ်သည့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင် (တစ်)ဦးစီ နှင့်ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့အား မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးအောင်၊ အဖွဲ့ဝင်ဦးခင်စိုးနှင့် ဒေါက်တာ လင်းထိုက်စိုးတို့က ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် မဲရုံမှူး၊ ဒုမဲရုံမှူး လုပ်ငန်းလမ်းညွှန်ချက်များ အတိုင်း တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ မဲပေးပုံအဆင့်ဆင့်၊ ဆန္ဒမဲရေတွက်မှု၊ ရလဒ်တွက်ချက်မှုများ၊ ထုပ်ပိုးပို့ဆောင်ပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လုပ်ငန်းများနှင့်အညီ လိုက်နာဆောင်ရွက်ရမည့် ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်များ ကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဆွေးနွေး ပို့ချပေးကြသည်။
နယ်မြေ(၂)မှာ ဇဝဲကျေးရွာအုပ်စု၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ အရှေ့မော်တုန်းကျေးရွာအုပ်စုနှင့် အနောက်မော်တုန်း ကျေးရွာအုပ်စုတို့ အတွင်းရှိ မဲရုံ(၁၂)တွင် မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များအဖြစ် တာဝန်ယူကြ မည့် ဆရာ/ဆရာမများ၊ ၎င်းကျေးရွာအုပ်စုများမှရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)