နတ်မောက် အောက်တိုဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ တောင်သူများသည် ဒေသတွင်း စားသုံးဆီဖူလုံရေး ဆီထွက်သီးနှံ ဆောင်းနေကြာများ စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်းနေကြာအထွက်နှုန်း တိုးတက်စေရေးနှင့် တစ်ဧကပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် မျိုးသန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရေဆင်း(၁) ဆပ်မျိုးနေကြာနှင့် ဆင်းရွှေကြာ(၂) နေကြာမျိုးများ ဖြန့်ဖြူးစိုက်ပျိုးပြီး မျို့းစေ့ထုတ်စိုက်ခင်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ကျွန်မတို့ အခုလိုဆပ်မျိုးနေကြာနှင့် ဆင်းရွှေကြာ(၂) နေကြာမျိုးများ အထွက်နှုန်းတိုးတက်စေရေး စံပြကွက်များ စိုက်ပျိုးခြင်း၊ မျိုးစေ့ထုတ် စိုက်ခင်းများ စိုက်ပျိုးခြင်းဖြင့် နေကြာစိုက်တောင်သူများ မျိုးကောင်း မျိုးသန့်များစိုက်ပျိုးနိုင်ခြင်း၊ တစ်ဧကအထွက်နှုန်းတိုးတက်လာခြင်း၊ ဝင်ငွေကောင်းလာစေခြင်း၊ လူနေမှုဘ၀ ဖွံ့ဖြိုးတိုးတက်လာစေခြင်း စတဲ့အကျိုးကျေးဇူးများကို တောင်သူတွေ ခံစားရစေလိုတဲ့ ရည်ရွယ်ချက်နဲ့ စိုက်ပျိုးရတာဖြစ်ပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုကပြောသည်။
မူမူစန်း