ဟင်္သာတမြို့နယ်၌ ကျောင်းနေအရွယ် ကလေးများ အဟာရပြည့်ဝစေရေးနွားနို့နှင့် အဟာရပြည့် အစာများတိုက်ကျွေး

ဟင်္သာတ အောက်တိုဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ အဟာရပြည့်ဝစေရေး နွားနို့နှင့်အဟာရပြည့်အစာများ တိုက်ကျွေးခြင်းကို ယမန်နေ့က သံကြိုးတန်းအုပ်စု မန်းကုန်း အ.ထ.ကခွဲ ကျောင်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အထကခွဲမန်းကုန်း ကျောင်းတာဝန်ခံ ဆရာကြီးဦးကျော်ဇင်အောင်က ကျေးဇူးတင်အမှာစကား ပြောကြားခဲ့ပြီး ဟင်္သာတခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်သူမျိုးက ယခုကဲ့သို့ ကျောင်းသားလူငယ်များအား နို့တိုက်ကျွေးပေးရခြင်း အကျိုးကျေးဇူးများနှင့် ရည်ရွယ်ချက်များကိုရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် ကျောင်းသားကျောင်းသူ ၄၂၀ ဦးတို့အား အဟာရပြည့်ဝစေရန်နွားနို့နှင့် ပေါင်မုန့်များကို တိုက်ကျွေးပေးခဲ့ကြသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာသို့ ဟင်္သာတခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်သူမျိုး ဦးဆောင်၍ မြို့နယ်ဦးစီးမှူး ဒေါက်တာ ယုနန္ဒာအောင်နှင့် ဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများ၊ တာဝန်ခံကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း ၄၅၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဟင်္သာတ

ခရိုင်(ပြန်/ဆက်)