စစ်ကိုင်း အောက်တိုဘာ ၁၂
စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာဝင်းနှင့် ဝန်ထမ်းများသည် ယမန်နေ့ မွန်းလွဲပိုင်းက စစ်ကိုင်းမြို့၊ ရွှေမင်းဝံ၊ အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ကလေးသူငယ်အခွင့်အရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆွေးနွေးဟောပြောပေးခဲ့ကြောင်း သိရသည်။
အသိပညာပေး ဆွေးနွေးရာတွင် ဦးစီးအရာရှိ ဒေါ်ဥမ္မာဝင်းက “ကလေးအလုပ်သမား အဓိပ္ပာယ်”၊ “ကလေးအလုပ်သမား၏ အသက်အရွယ်”၊ “ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ရပ်”၊ “ကလေးအလုပ်သမားများ၏ အလုပ်ချိန် ကန့်သတ်ချက်”၊ “ကလေးအလုပ်သမားသည် တရာမဝင်ဖြစ်ကြောင်း”၊ “အပြည်ပြည်ဆိုင်ရာပြဌာန်ချက်များ”၊ ကလေးအလုပ်သမား ပပျောက်ရေးအတွက် ပြည်သူများအားလုံး ဝိုင်းဝန်း ကြိုးပမ်းကြပါစို့” စသည့်အကြောင်းအရာများကို အသိပညာပေး ဆွေးနွေးဟော ပြောပေးခဲ့ပြီး စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် “ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ” နံရံကပ်ဗီနိုင်များကို ကျောင်းသား/ ကျောင်းသူလေးများက ကြည့်ရှု လေ့လာကြရာ ဝန်ထမ်းများက ရှင်းလင်းပြသပေးခဲ့သည်။
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတများ ရရှိစေရန် စာအုပ်များ အခမဲ့ငှားရမ်းပေးခြင်း၊ အသိပညာပေး ဆွေးနွေးပွဲများ ဆောင်ရွက်ခြင်း၊ အခါအားလျော်စွာ အသိပညာပေး Talk Show များ ကျင်းပခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်