ကန်ကြီးထောင့် အောက်တိုဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် အမှတ် (၁) ရပ်ကွက် ကမ်းနားလမ်းရှိ စည်ပင်သာယာမြို့မဈေးသစ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဈေးသစ်ကြီးအား မေလ (၁၂) ရက်နေ့ မှစတင်တည်ဆောက်လျှက်ရှိကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ် စည်ပင်သာယာမြို့မဈေးသည် ၂၀၂၁ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် မသမာသူလူတစ်စု၏ ရှို့မီးကြောင့် မီးလောင်ကျွမ်းခဲ့ပြီး ဈေးဆိုင်ခန်း (၁၉၃) ခန်းရှိသည့်အနက် (၁၇၅) ခန်းမှာ မီးလောင်ကျွမ်းဆုံး ရှုံးခဲ့ရသည်။ ယခုအခါ ယာယီဈေးအား ကမ်းနားလမ်းတံတားအနီးတွင် ယာယီဖွင့်လှစ်ရောင်းချလျက်ရှိကြသည်။
အဆိုပါ မီးလောင်ကျွမ်းခဲ့သောဈေးမြေနေရာတွင် ဈေးသူဈေးသားများမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှု၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ကန်ကြီးထောင့်မြို့မဈေးကော်မတီတို့နှင့်ပူးပေါင်း၍ ယခင်ဈေးနေရာတွင် ဈေးသစ်ဆောက်လုပ်နိုင်ရေး တင်ဒါခေါ်ယူခဲ့ရာ ယှဉ်ပြိုင်ဆွဲဝယ်သည့် ကုမ္ပဏီ(၈)ခုအနက် Grow Successကုမ္ပဏီမှ ငွေကျပ် (၄၉၁၅) သိန်းဖြင့် တင်ဒါအောင်မြင်ခဲ့ပြီး ဈေးသစ်တည်ဆောက်ခြင်းလုပ်ငန်းအား မေလ (၁၂) ရက်နေ့မှစတင်၍ တည်ဆောက်လျက်ရှိရာ အောက်တိုဘာလ (၁၂) ရက်နေ့အထိ ၇၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ဈေးသစ်တည်ဆောက်ရာတွင် ဆိုင်ခန်းကျသင့်တန်ဘိုးငွေအား အရစ်ကျ (၄) ရစ်ခွဲ၍ပေးသွင်းသည့် စနစ်ဖြင့်ဆောင်ရွက်ခဲ့ပြီး အဆိုပါဈေးသစ်တည်ဆောက်ပြီးစီးရေးကာလအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းအပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)