မုံရွာ အောက်တိုဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန် ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့အား မြို့အင်္ဂါရပ်နှင့် အညီ သန့်ရှင်းသာယာလှပစေရေးအတွက် အနောက်ဘက်ကန် သာယာကန် အဆင့်မြှင့်တင်ရေး လုပ်ငန်းသို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က အနောက်ဘက်ကန်သာယာ ကန်ပတ်လမ်း အရှည် - ၅၅၀၀ ပေ၊ အကျယ် - ၁၈ ပေ နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်း၊ မြေထိန်းနံရံလုပ်ငန်း၊ လျှပ်စစ်မီးတိုင်များ တပ်ဆင်ခြင်း လုပ်ငန်း၊ ကန်ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး လုပ်ငန်းများနှင့် စတီးလက်ရန်းများ တပ်ဆင်သွားမည့် လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် အနောက်ဘက်ကန်သာယာကန် အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည့် ကုမ္ပဏီများမှ တာဝန်ခံအင်ဂျင်နီယာ များက မိမိတို့တာဝန်ယူ ဆောင်ရွက်နေကြသည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဖြည့်စွက်တင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အနောက်ဘက်ကန်သာယာကန် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား သက်မှတ်စံချိန် စံညွှန်းများ နှင့်အညီ အရည်အသွေးကောင်းမွန်စွာဖြင့် အချိန်မီပြီးစီးရေး၊ မြို့နေပြည်သူများ အားလပ်ရက်များတွင် စိတ်ပင်ပန်းမှုများဖြေဖျောက် စေနိုင်ရန် ကန်ပတ်ဝန်းကျင်အား သန့်ရှင်းသာယာလှပရေး၊ ကန်အတွင်းရှိကျွန်းများပေါ်တွင် ကစားကွင်းနှင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေး လေ့ကျင့်ခန်း များ ဆောင်ရွက်နိုင်မည့်နေရာများ ထည့်သွင်း တည်ဆောက်ရေး၊ ကန်ပတ်ဝန်းကျင်အား အမြဲစိမ်းလန်းစိုပြေရေးနှင့် လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးတို့အား မှာကြားကာ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အနောက်ဘက် ကန်သာယာ ကန်ပတ်ဝန်းကျင် နိုင်လွန်ကတ္တရာ လမ်းခင်းခြင်း၊ လျှပ်စစ်မီးတိုင်များတပ်ဆင်ခြင်း၊ စိမ်းလန်း စိုပြေရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ အလှပန်းပင်များ စိုက်ပျိုးနေမှုနှင့် မြေထိန်း နံရံလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)