မုံရွာ အောက်တိုဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်သုံးဆီသယ်ယူရောင်းချမှု ညှိနိုင်းအစည်းအဝေးကို အောက်တိုဘာလ ၁၁ ရက်နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ရေနံလုပ်ငန်းရှင် ကုမ္ပဏီများ၊ စက်သုံးဆီအရောင်းဆိုင်များမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအတွင်းရှိ စက်သုံးဆီလုပ်ငန်းရှင်များနှင့် ယခုလိုဆွေးနွေးညှိနှိုင်းခြင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များကို အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်နှင့် တိုင်းဒေသကြီး၏ တည်ငြိမ်အေးချမ်းရေး၊ စီးပွါးရေးဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးတို့တွင် စက်သုံးဆီသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပါကြောင်း၊ စက်သုံးဆီသယ်ယူရောင်းချမှု အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်ချက်များအား ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးရန် ယခုအစည်းအဝေးအား ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊
တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ စက်သုံးဆီများ သယ်ယူရောင်းချရာတွင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သော မြို့နယ်များတွင် ကြီးမားသောအခက်အခဲများ မရှိနိုင်သော်လည်း၊ တိုင်းဒေသကြီးအထက်ပိုင်းရှိ ကလေး၊ ကလေးဝ၊ တမူး၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီးမြို့များသို့ စက်သုံးဆီများ လွယ်ကူချောမွေ့စွာ ရောက်ရှိရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးမှ စက်သုံးဆီအရောင်းဆိုင်များသို့ လိုင်စင်ထုတ်ပေးထားရှိမှု အခြေအနေ၊ သယ်ယူပို့ဆောင်ခြင်း ကြီးကြပ်လက်မှတ်ထုတ်ပေးခြင်း၊ စက်သုံးဆီခွဲဝေဖြန့်ဖြူးခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော ရေနံလုပ်ငန်းရှင် ကုမ္ပဏီများနှင့် စက်သုံးဆီအရောင်းဆိုင်များမှ ကိုယ်စားလှယ်များက မိမိတို့လုပ်ငန်းများ၏ စက်သုံးဆီ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများဆောင်ရွက်နေမှုနှင့် စက်သုံးဆီရောင်းချမှု အခြေအနေများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပံ့ပိုးကူညီပေးရန်လိုအပ်မှုများနှင့် ပတ်သက်၍ အသီးသီးဆွေး နွေးတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များ၏ စက်သုံးဆီ သယ်ယူရောင်းချမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြပြီး မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ခရိုင်အတွင်း စက်သုံးဆီသယ်ယူရောင်းချမှု လုပ်ငန်းများအား ရှင်းလင်းတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်း စက်သုံးဆီသယ်ယူရောင်းချမှုလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေးအကြံပြု ဖြည့်စွက်တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)