ဘိုကလေး အောက်တိုဘာ ၁၂
လူငယ်များ ဘက်စုံကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးနှင့် လူငယ်အချင်းချင်း အသိပညာ၊ ဗဟုသုတ နှီးနှောဖလှယ်နိုင်စေရေးတို့အတွက် ဧရာဝတီ တိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ အမှတ်(၈)ရပ်ကွက် အ.လ.က(ခွဲ)ကျောင်းတွင် ယမန်နေ့ နေ့လယ်(၂)နာရီ၌ လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။
အဆိုပါ လူငယ်စကားဝိုင်းအား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီတာအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းအေး၊ အမှတ်(၈)ရပ်ကွက် အ.လ.က(ခွဲ) ကျောင်းအုပ်ကြီး ဦးမောင်မြင့်နှင့် ဆရာ/မများ၊ ကျောင်းသား/သူများ၊ စုစုပေါင်း အင်အား(၂၀၀)ခန့် တက်ရောက်ကြသည်။
စကားဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီတာအောင်က စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့်အတူ လူငယ်များအနေနှင့် စာများများဖတ်ရန်လိုအပ်ကြောင်း၊ အနာဂတ်ရဲ့ ခေါင်းဆောင်များ ဖြစ်လာမည့် လူငယ်များ အနေဖြင့် စာပေအသိပညာ ဖွံ့ဖြိုးတိုးတက် ပြည့်ဝနေပါမှ နိုင်ငံကို အကောင်းဆုံး ဦးဆောင်နိုင် မည့်သူများ ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြား ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းအေးက စားသုံးသူအသိပညာပေးဆိုင်ရာများ၊ စားသုံးရန်မသင့်သည် စားသောက်ကုန်များ အကြောင်းတို့ကို ဆွေးနွေးပြောကြားသည်။
ထို့နောက် အမှတ်(၈)ရပ်ကွက် အ.လ.က(ခွဲ) ကျောင်း၏ Grade-8 ကျောင်းသား/သူ (၄)ဦးက “လူငယ်နှင့်စာပေ၊ လူငယ်နှင့် ကိုယ်ပိုင်ဝါသနာ၊ လူငယ်နှင့် မူးယစ်ဆေးဝါး၊ လူငယ်နှင့် ကျန်းမာရေး” စသည့် ခေါင်းစဉ်များဖြင့် ပြည့်စုံစွာဆွေးနွေးပြောကြားခဲ့ပြီးနောက် စကားဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသား/သူများက သိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပါဝင်ဆွေးနွေးကြသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကြောင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အဆိုပါကျောင်းရှိ ကျောင်းသား/သူများ အား ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များကိုလည်း ချိတ်ဆွဲအသိပညာပေး ပြသခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)