ကျိုက်လတ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျိုက်လတ် အောက်တိုဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ မြစန္ဒီခန်းမတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းဦမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အကြောင်း အသိပညာပေး‌ဟောပြောခဲ့သည်။ ထို့နောက်ဖျာပုံခရိုင် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ရဲအုပ်အောင်ထွန်းဦးက လူကုန်ကူးမှုဖြစ်ပေါ်ရသည့် အကြောင်းအရင်းများ၊ လူတစ်ဦးသည် အခြားတစ်ဦးကို အဓမ္မပြည့်တန်ဆာလုပ်ခိုင်းစေခြင်းများ၊ အခြားကာမဆိုင်ရာ ကိစ္စတစ်မျိုးမျိုးပြုလုပ်စေခြင်း၊ ကျွန်ပြုခြင်း၊ ကျေးကျွန်ကဲ့သို့ ခိုင်းစေခြင်း၊ အခြားလူတစ်ယောက်ဆီမှ ခန္ဓာကိုယ် အစိတ်အပိုင်းအား ထုတ်ယူဖယ်ရှားခြင်း၊ ရောင်းစားခြင်းစသည့်တိုကို ပြုလုပ်ရာမှ ငွေကြေးကိုသော်လည်းကောင်း၊ အကျိုးအမြတ် တစ်စုံတစ်ရာကိုသော်လည်းကောင်း၊ လက်ခံခြင်း (သို့မဟုတ်) လက်ခံရယူရန် သဘောတူခြင်း၊ လုပ်အားခလစာများ ခေါင်းပုံဖြတ်ခြင်းများ၊ အမျိုးသမီးများအပေါ် လူကုန်ကူးမှုအခြေအနေများ၊ တရုတ်နိုင်ငံသို့ရောင်းစားပြီး တရားမဝင် ပေါင်းသင်းနေထိုင်မှုများ၊ အမျိုးသားများအား ငါးဖမ်းလှေများတွင် အသုံးပြုနေမှုများ၊ မည်သူမဆို အမျိုးသမီးများ၊ ကလေးသူငယ်နှင့်လူငယ်များအား လူကုန်ကူးမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်းစသည့် ပြစ်မှု၊ ပြစ်ဒဏ်များဆောင်ရန်၊ ရှောင်ရန်များ မြန်မာနိုင်ငံအတွင်း လူကုန်ကူးမှုတိုင်ကြားနိုင်ရန်အတွက် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ အရေးပေါ်ဆက်သွယ်ရရှိနိုင်သည့် ဖုန်းနံပါတ်များအားပြောကြားကာ လူမှောင်ခိုကူးမှုနှင့် လူကုန်ကူးမှုအခြေအနေများအား အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဒေါ်ရီရီမြင့်

ကျိုက်လတ် (ပြန်/ဆက်)