ပုသိမ် အောက်တိုဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လည်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ကျင်းပခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် အဖွဲ့ဝင်များက မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများအား ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေး၊ ကမ်းခြေများ သန့်ရှင်းသာယာလှပမှုရှိစေရေး၊ ကမ်းခြေများတွင် စျေးရောင်းချသူများအနေဖြင့် စည်းကမ်းတကျသန့်ရှင်း သပ်ရပ်စွာရောင်းချစေရေး၊ အရက်သေစာများရောင်းချမှု မရှိစေရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးကိစ္စများအား အလေးထားဆောင်ရွက်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးကိစ္စရပ်များ၊ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူနေမှု လုပ်ငန်းများ၊ စာရင်းများပြုစုပေးပို့ရာတွင် ကိန်းဂဏန်းအချက်အလက်များအား စနစ်တကျဖြင့် တိကျမှန်ကန်စွာဆောင်ရွက်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီးဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရှိရသည်။
မြင့်ဟန် (ခရိုင်ပြန်/ဆက်)