မော်လိုက် အောက်တိုဘာ ၁၂
ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် ပြန်/ဆက်ဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးနှင့် အားကစားရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မော်လိုက်မြို့၊ အ.မ.က (၄) ကျောင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် အမက(၄)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းယုက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဝင်းက လူငယ်များအတွက် အောင်မြင်ရေးနည်းလမ်းများ (သို့) ဗလငါးတန် ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် လူငယ်များဗဟုသုတရရှိစေရန် အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပြီး အားကစား နှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းထိန်က အားကစား၏အဓိပ္ပာယ်များ၊ အားကစားသမားတစ်ဦးတွင် ရှိသင့်ရှိထိုက်သည့်အရည်အချင်းများကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ကျောင်းသား/ကျောင်းသူများက ကာယဆရာမနဲ့ အတူ Fitness Dance အကဖြင့်ပျော်ရွှင်စွာအတူလိုက်ကခဲ့ကြပြီး ကျောင်းသားတစ်ဦးက သီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ရာ ကျောင်းသား/ကျောင်းသူများကလည်း ပျော်ရွှင်စွာဖြင့် သံပြိုင်လိုက်ဆိုခဲ့ကြသည်။ ယင်းနောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လ/ထညွှန်မှူး ဦးဝင်းထိန်က အားကစားပစ္စည်းများကို ကျောင်းအုပ်ဆရာကြီး ဦးဝင်းယုထံသို့ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်/ဆက်ဦးစီးဌာနမှ “ကလေးအလုပ်သမားပပျောက်ရေး”၊ “ကလေးသူငယ်စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေး”၊ “မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး”၊ “လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်”၊ “ယာဉ်စည်းကမ်း/လမ်းစည်းကမ်းအသိပညာပေး” ခေါင်းစဉ်များ ဖြင့်ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများက လေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)