စလင်းမြို့နယ် အင်ကြင်းပင်လှကျေးရွာအုပ်စု၊ အင်ကြင်ပင်လှကျေးရွာတွင် ပဲစဥ်းငုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

စလင်း  အောက်တိုဘာ  ၁၂

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် အင်ကြင်းပင်လှကျေးရွာအုပ်စု၊ အင်ကြင်းပင်လှကျေးရွာရှိ ဒေသခံတောင်သူဖြစ်သည့်  ဦးဇော်လင်းမောင် စိုက်ပျိုးထားသည့်  ပဲစဥ်းငုံစိုက်ခင်း(၅)ဧက စိုက်ပျိုးထားရှိရာ တောင်သူအနေဖြင့် ကြဲပက်စိုက်ပျိုးခြင်း အတန်းလိုက်စိုက်ပျိုးခြင်းများဖြင့် စိုက်ပျိုးထားသည့် ပဲစဥ်းငုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကြောင်း တောင်သူထံမှ သိရှိရသည်။

စလင်းမြို့နယ်အတွင်းရှိ တောင်သူအများစုသည် နေရာဒေသအလိုက်  ဆီထွက်သီးနှံများဖြစ်သည့်  မြေပဲ၊ နှမ်း၊ နေကြာတို့ကို ဒေသအတွင်းရှိ ကျေးရွာများအလိုက် စိုက်ပျိုးလျှက်ရှိရာ အင်ကြင်းပင်လှကျေးရွာနှင့် နီးစပ်သည့်ကျေးရွာများ၊ စလင်းမြို့၏အနောက်ဖက်အခြမ်းရှိ ကျေးရွာများတွင် တောင်ယာအလုပ်များကိုသာ အဓိကလုပ်ကိုင်ကြရာ  သဘာဝရေဖြစ်သည့် မိုးရေကိုသာ အားကိုးစိုက်ပျိုးကြရပြီး ပဲစဥ်းငုံကို နယုန်လဆန်းတွင် စတင်စိုက်ပျိုးကြသည်။ တောင်သူဦးဇော်လင်း စိုက်ပျိုးထားသည့် ကွင်းအမှတ်(၅၁၆)၊ ပန်တော်ကျင်းကွင်း၊ စိုက်ပျိုးဧက(၅)ဧက အင်ကြင်းပင်လှတစ်အုပ်စုလုံးတွင် ပဲစဥ်းငုံ(၇၃၃)ဧက စိုက်ပျိုးထားပြီး ပဲစဥ်းငုံအား အခြားသီးနှံများဖြင့် ရောနှောစိုက်ပျိုးကြကြောင်းလည်း သိရသည်။ အခြားသီးနှံများ ရိတ်သိမ်းချိန်တွင် မိုးရွာသွန်းပါက ပဲစဥ်းငုံပင်များ မြေဆွပေးသကဲ့သို့ ထွန်ယက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရသည်။ သို့မှသာ အပင်များ ကောင်းမွန်လာပြီး အပင်များ မြင့်တက်လာကာ အသီးအပွင့်များ ပိုမိုသီးလာ၍ အစေ့များ အောင်မြင်ဖြစ်ထွန်းကြောင်း တောင်သူပြောပြချက်အရ သိရသည်။

ပဲစဥ်းငုံပင်၏သက်တမ်းသည် ပဲစဥ်းငုံမျိုးသက်တမ်း အနုအရင့်အလိုက် ခြောက်လနှင့် ခုနှစ်လကြာမြင့်ပြီး အဖူးအပွင့်တို့သည် တော်သလင်းကျွတ်လ၌ အပွင့်ပွင့်လျက်ရှိရာ မိုးရွာသွန်းမှုများပြားပါက အသီးသီးနှုန်း လျော့သွားနိုင်ကြောင်း အပွင့်များပွင့်ချိန် မိုးရွာသွန်းမှုမရှိပါက အသီးအထွက်နှုန်းကောင်းကြောင်းနှင့် ပဲစဥ်းငုံတစ်တင်းလျှင် ပြီးခဲ့သည့်နှစ်က(၆၀၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချရကြောင်း ယခုနှစ်တွင်လည်း စျေးကောင်းရရန် မျှော်လင့်ကြောင်းနှင့် စလင်းမြို့နယ်အတွင်း ပဲစဥ်းငုံ လျာထားဧက(၈၁၄၇)ဧက အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရသည်။

(မောင်လွင်)စလင်း