ပန်းတနော်မြို့နယ် အ.ထ.က (မရမ်း) ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ပန်းတနော် အောက်တိုဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီး ဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မရမ်းကျေးရွာ အ.ထ.က ကျောင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကိုကိုမောင်က လူငယ်စကားဝိုင်း ကျင်းပရခြင်းနှင့် ပတ်သက်၍  လူငယ်များအနေဖြင့် လူငယ်စကားဝိုင်းမှ အသိဉာဏ်ပညာ  ဗဟုသုတများ ပိုမိုရရှိစေရေး၊ စကားပြောအတတ်ပညာ ကျွမ်းကျင် တတ်မြောက်ပြီး လူအများရှေ့၌ ရဲဝံ့စွာ စကားပြောဆိုတတ်စေရေး၊ လူ့အဖွဲ့အစည်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်တက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း များ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးဆန်းထွန်းမှ အားကစားနှင့် ပတ်သတ်သည့် ကိစ္စရပ်များအား အကျယ်တဝင့်ဆွေးနွေး ပြောကြားကာ ကိုယ်ကာယလေ့ကျင့်ခန်းများ ပြုလုပ်ပေးခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ  တက်ရောက်လာကြသည့် တာဝန်ရှိသူများနှင့် အ.ထ.က (မရမ်း) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့် ယဉ်ကျေးမှု၊  လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့် ပြည်သူ့နီတိ စသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူ များက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရ သည်။           

ယင်းနောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများမှ မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာ အသိ ပညာပေး နံရံကပ်ဗီနိုင်းပိုစတာများကို ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော် (ပြန်/ဆက်)