ကလေးဝ အောက်တိုဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ အမှတ် (၅) အခြေခံပညာ မူလတန်းကျောင်း၌ နံရံကပ်စာစောင်များ ပြသခြင်းနှင့် အသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲ က ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မြို့နယ်ဦးစီး အရာရှိ ဦးရာဇာဝင်းက ဇီဝမျိုးစုံမျိုးကွဲများ အကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံ ဦးကျော်ကျော်မိုးက စားသုံးရန်မသင့်သော စားသောက်ကုန်ပစ္စည်းများနှင့် စားသုံးသူ အခွင့်အရေးဆိုင်ရာများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်းက ကလေးအလုပ်သမား အဓိပ္ပာယ် ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃) ရပ်၊ မြို့နယ်လျှပ်စစ်မှူး ဦးအောင်လှိုင်ဝင်းက လျှပ်စစ်အန္တရာယ်အကြာင်း သိကောင်းစရာ များ စသည်တို့ကို အသိပညာပေး ဟောပြောခဲ့ကြပြီး ဒုမြို့နယ်ပညာရေးမှူး ဦးစောဟန်ဦးက ပညာရေးဌာနကိုယ်စား အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ပေး၍ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အသိပညာပေး ဟောပြောပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိ အကြီးအကဲများ၊ ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး ပြသ ထားသော နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)