ဘားအံ အောက်တိုဘာ ၁၂
ကရင်ပြည်နယ်အတွင်းရှိ စက်မှုဇုန်များဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဒေသထုတ်ကုန်များ အဆင့်မြှင့်တင် ထုတ်လုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၁၀ နာရီခန့်က ဘားအံစက်မှုဇုန် ကြီးကြပ်မှုကော်မတီရုံး၌ အဆိုပါဇုန်အတွင်းရှိ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဦးစွာ ဘားအံစက်မှုဇုန်ဒေသဆိုင်ရာကော်မတီ အတွင်းရေးမှူး ပြည်နယ်စက်မှု ကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးစိန်လွင်က မြေဧရိယာ ၉၆၉ ဧကပေါ်တွင် မြေကွက်ပေါင်း ၆၄၃ ကွက်ကိုဖော်ထုတ်၍ လမ်း၊ တံတား၊ ရေ၊ မီး ရရှိရေးဆောင်ရွက်ပေးထားမှု၊ စက်ရုံ/အလုပ်ရုံ (၂၉)ရုံ၏ လုပ်ငန်းလည်ပတ်နေမှု၊ (၁၄)ရုံ တည်ဆောက်နေမှုနှင့် စက်ရုံအချို့၏ ယာယီရပ်ဆိုင်းထားမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဘားအံစက်မှုဇုန်ဒေသဆိုင်ရာကော်မတီ နာယက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဘားအံစက်မှုဇုန်သည် စက်မှုစီးပွားလုပ်ငန်းများဆောင်ရွက်ရန် ခွင့်ပြုပေးထားခြင်းဖြစ်ပြီး လူနေအိမ်ဆောက်လုပ်ခြင်းခွင့်မပြုသည့်အတွက် အသုံးပြုခွင့်ပေးထားသည့် နည်းလမ်းအတိုင်း သုံးစွဲခြင်းမရှိပါက ဥပဒေအရအရေးယူခြင်းခံရမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌သာ ကုန်ကြမ်းရရှိနိုင်သော စက်ရုံအလုပ်ရုံများကို ဦးစားပေးရင်းနှီးလုပ်ကိုင်ကြစေလိုပြီး တိုင်းပြည် သာယာဝပြောရေး စားရေရိက္ခာဖူလုံရေးအတွက် ထုတ်ကုန်များများ ထုတ်လုပ်တင်ပို့နိုင်ပါက ပြည်ပမှဝယ်ယူတင်သွင်းမှု လျော့ကျစေမည်ဖြစ်ကြောင်း၊ သွင်းကုန်လျော့ချ၍ ထုတ်ကုန်များများထုတ်လုပ်မှသာ အပိုဝင်ငွေများများရရှိမည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ ဇုန်ဖွံ့ဖြိုးတိုးတက်မှသာ ပြည်နယ်၏စီးပွားရေး နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်၍ ဘားအံစက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရန် အဓိကအာရုံစိုက် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာသော ဘားအံစက်မှုဇုန်မှလုပ်ငန်းရှင်များက လျှပ်စစ်မီးတိုးတက်ရရှိရေး၊ ဇုန်တွင်းလမ်း၊ တံတားနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများ၊ ပြည်ပမှ ကုန်ကြမ်းဝယ်ယူတင်သွင်းမှုကို လျှော့ချ၍ ဒေသထုတ်ကုန်ကြမ်းများဖြင့် စမ်းသပ်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးတင်ပြကြရာ ဘားအံစက်မှုဇုန် ဒေသဆိုင်ရာ ကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံစက်မှုဇုန်အတွင်းရှိ မင်းတစ်ပါး ရော်ဘာထုတ်လုပ်ရောင်းဝယ်ရေး အလုပ်ရုံနှင့်စောငမန်းရာဘာသစ်ပါးလွှာ တည်ဆောက်ဆဲစက်ရုံတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၈ နာရီခန့်က (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲသို့ ကရင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ဘားအံမြို့၊ အမှတ်(၅) ရပ်ကွက်၊ Cyclone Shelter တွင် စခန်းသွင်းလေ့ကျင့်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်နိုင်ရန် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ပြိုင်ပွဲများအဆင့်ဆင့်ကျင်းပ၍ ထူးချွန်သူများအား ရွေးချယ်ပြီး စက်တင်ဘာလ ၂၂ ရက်နေ့မှစ၍ စခန်းသွင်းလေ့ကျင့်စေခဲ့ကာ ပြိုင်ပွဲဝင် ၁၄၁ ဦးအား စေလွတ်ယှဉ်ပြိုင်ပွဲသွားမည်ဖြစ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၏ ဂုဏ်ဆောင်နိုင်စေရန်အတွက် နည်းပြ၊ ဆရာ၊ ဆရာမများ၏ သင်ကြားပြသပေးမှုများကို စနစ်တကျ လေ့လာမှတ်သား၍ ကြိုးစားလေ့ကျင့်ကြရန်နှင့် လိုအပ်ချက်များ၊ အခက်အခဲများရှိပါက တာဝန်ရှိသူအဆင့်ဆင့်မှတစ်ဆင့် တင်ပြပေးကြရန်မှာကြားကာ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)