ထားဝယ်မြို့ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ စာအုပ်စာစောင်များငှားရမ်းပေး

ထားဝယ် အောက်တိုဘာ ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်၊ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတရရှိစေရန်နှင့် ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များကို ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် စာအုပ်စာစောင် များကိုငှားရမ်းပေးလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းက အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား/သူများအား သုတ/ရသ စာအုပ်/စာစောင်များငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/သူများ ငှားရမ်း ဖတ်ရှုလိုသည့် သုတ/ရသစာအုပ်စာစောင်များကို ငှားရမ်းပေးခဲ့ရာ ကျောင်းအုပ်ဆရာမကြီးက  ကူညီဆောင်ရွက်ခဲ့ပြီး စာပေဝါသနာရှင်များနှင့် စာဖတ်ပရိသတ်များ ငှားရမ်းဖတ်ရှုလိုပါက ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ မည်သူမဆိုအခမဲ့ လာရောက်ငှားရမ်း ဖတ်ရှုနိုင်ကြောင်း သိရသည်။

ရွေ့လျားစာကြည့်တိုက် Mobile Library Bus တွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာဗဟုသုတများစွာ ရရှိမည့် သုတ/ရသစာအုပ်စာစောင်များ (၃၅၀)အုပ်ပါရှိပြီး ငှားရမ်းပေးခဲ့သောစာအုပ်များကို (၃)ရက်လျှင် တစ်ကြိမ်လဲလှယ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)