ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှဆောင်ရွက်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

ရှမ်းရွာသစ်   အောက်တိုဘာ ၁၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်  ရေမြောင်းများ တူးဖော်ခြင်း၊ အများပြည်သူသွားလာမှုလွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့် တံတားများကို ဘဏ္ဍာနှစ် အလိုက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဇွန်လမှစ၍ အကောင်အထည်ဖော်  ဆောင်ရွက်ပေးလျက် ရှိရာ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ထိုသို့မြို့အင်္ဂါရပ်နှင့်အညီ လှပဖွံ့ဖြိုးတိုးတက်ရေးအတွက်  လုပ်ငန်းများဆောင်ရွက်ရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၂၀၇.၄၀၀)သန်းဖြင့် လမ်းသားတိုးချဲ့ခြင်းလုပ်ငန်း (၃)ခု၊ တံတားလုပ်ငန်း(၁)ခု၊ ကျောက်စီရေမြောင်းပြုလုပ်ခြင်းနှင့် ရေမြောင်းအဖုံးပြုလုပ်ခြင်း လုပ်ငန်း(၅)ခု၊ ရေတွင်းရေကန်ပြုပြင်ခြင်းလုပ်ငန်း(၁)ခု၊ လမ်းညွှန်သင်္ကေတပြုလုပ်ခြင်းနှင့် လမ်းအမည်ဆိုင်းဘုတ်ပြု လုပ်ခြင်း လုပ်ငန်း(၁၀)ခုနှင့် ဆိုလာမီးတိုင်တပ်ဆင်ခြင်းလုပ်ငန်းများကို  သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေးအတွက် လုပ်ငန်းတာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအချိန်တွင်ရာခိုင် နှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်သည့်အတွက် မြို့အင်္ဂါရပ်နှင့်အညီ  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တိုးတက်လာကြောင်း   မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဇင်လေး (ပြန်/ဆက်)