ရှမ်းရွာသစ်မြို့အခြေခံပညာမူလတန်းကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းဆောင်ရွက်

ရှမ်းရွာသစ်   အောက်တိုဘာ  ၁၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကလေးသူငယ်များနှင့် ဒေသနေပြည်သူများကလေးသူငယ်အခွင့်အရေးများ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ အသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်တွင် အမှတ်(၂) ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးလုပ်ငန်းတွင် မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက ကလေးသူငယ်များ၏ရပိုင်ခွင့်များ အပြည့်အဝရရှိစေရန်၊ ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ပိုမိုပြည့်စုံကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်နိုင်ရန်၊ လမ်းပေါ်နေကလေးများအပေါ် အဓမ္မအနိုင်ကျင့်စေခိုင်းခြင်း၊ ခေါင်းပုံ ဖြတ် အမြတ်ထုတ်ခြင်းမှ ကာကွယ်ရန်နှင့် ဘဝလုံခြုံရေးအတွက် ရည်ရွယ်၍ လမ်းပေါ်နေ ကလေးများလျော့နည်း ပပျောက်စေရန်အတွက် ကလေးသူငယ်အခွင့်အရေးများနှင့် ကလေးအလုပ် သမားပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ကျောင်းသား/သူများသိရှိစေရန်အတွက် ဟောပြောပွဲများပြုလုပ်ရခြင်းဖြစ်ကြောင်း စသည်ဖြင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ကလေးအလုပ်သမားဟူသည်အဘယ်နည်း၊ ကလေးအလုပ်သမားနှင့်ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဉပဒေများ၊ ပြစ်မှု၊ ပြစ်ဒါဏ်များ၊ ကလေးအလုပ်သမားလျော့နည်းစေရန် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ ကလေးများ လုပ်သော အလုပ်နှင့်ကလေးသူငယ်အခွင့်အရေးများ၊ လုပ်ငန်းရှင်များအတွက် ကလေးသူငယ် အချက်အလက်များ ဆိုင်ရာသိမှတ်ဖွယ်ရာများစသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ထားရာ ကျောင်းသား/ သူကလေးသူငယ် များက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာ ခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)