ဒီးမော့ဆို အောက်တိုဘာ ၂၀
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးအားပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွင် စတင်ထည့်သွင်းထိုးနှံခြင်း အခမ်းအနားကို ယနေ့ မွန်းလွှဲ ၁ နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပေါလ်ဆိုင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောစိန်ထွန်း နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကာကွယ်ဆေးထိုးနှံမည့် အမျိုးသမီးငယ်များတက်ရောက်ကြသည်။
ရှေးဦးစွာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှ သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးကိုပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် စတင်ထည့်သွင်း ထိုးနှံခြင်း ဗဟိုအဆင့်ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းဗီဒီယိုအားပြသသည်။
ဆက်လက်၍ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဦးစိုးမင်းထွေးက အမှာစကားပြောကြားပြီးမြို့နယ်ကျန်းမာရေးမှူးအဆင့်(၁) ဦးစိုင်းဝေဦး က သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးအကြောင်းရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့ပေါ်ရပ်ကွက်ရှိအသက် (၉) နှစ်မှ (၁၀) နှစ်အတွင်းရှိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးထိုးနှံပေးပြီးအမှတ်တရလက်ဆောင်များပေးအပ်ခဲ့သည်။ ဒီးမော့ဆိုမြို့နယ်တွင် အသက် ၉ နှစ်မှ ၁၀ နှစ်အတွင်းရှိအမျိုးသမီးငယ် ၈၉၃ ဦးအား သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများတွင် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ရီရယ်(ဒီးမော့ဆို)