မြဝတီ အောက်တိုဘာ ၁၂
ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ဆန်၊ ဆီနှင့်အခြေခံစားသောက်ကုန်များ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် မြဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အလှူရှင်ကရင်ပြည်နယ်၊ သာသနာ့နုဂ္ဂဟအသင်းဥက္ကဋ္ဌ ဘာသာပေါင်းစုံချစ်ကြည်ရေးနာယက ဦးစောမုတ်သုန်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။
အခမ်းအနားတွင် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးနိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားပေးပြီး အလှူရှင် ကရင်ပြည်နယ်၊ သာသနာ့နုဂ္ဂဟအသင်းဥက္ကဋ္ဌ ဘာသာပေါင်းစုံချစ်ကြည်ရေး နာယက ဦးစောမုတ်သုန်က ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် တစ်ဖက်တစ်လမ်းမှ စားသောက်မှုအဆင်ပြေ ချောမွေ့စေရေးအတွက် လှူဒါန်းပေးရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းသို့ လှူဒါန်းပေးရာတွင် မြဝတီခရိုင်အတွင်းရှိ ဌာနဆိုင်ရာ ၃၅ ခုမှ ဝန်ထမ်းဦးရေ ၄၅၇ ဦးအား တစ်ဦးလျှင် ငွေကျပ်လေးသောင်း ငါးထောင်တန်ဖိုးရှိ ဆန်အိတ်ရေ ၄၅၇အိတ်၊ ဆီ ၄၅၇ ဘူးနှင့် အခြေခံစားသောက်ကုန်များဖြစ်သည့် ငါးသေတ္တာ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဟင်းခတ်မှုန့်နှင့်ဆား စုစုပေါင်းတန်ဖိုး ငွေကျပ် ၂၀၅၆၅၀၀၀ ရှိကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)