မင်းတပ် အောက်တိုဘာ ၁၂
မင်းတပ်မြို့၊ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် အသက်(၁)နှစ်ခွဲအောက် ကလေးများအား ပုံမှန် ကာကွယ်ဆေး ထိုးနှံခြင်းနှင့် တိုက်ကျွေးခြင်းများကို ယမန်နေ့နံနက်(၉)နာရီခွဲမှစတင်၍ ညနေ၃ နာရီအထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မင်းတပ်မြို့၊ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် မွေးကင်းစကလေးများကို ဘီစီဂျီနှင့် အသည်းရောင် အသားဝါ(ဘီ)ကာကွယ်ဆေးကိုလည်းကောင်း၊ (၂)လသားအရွယ်ကလေးများကို ဘီစီဂျီ၊ ပိုလီယို၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင် အသားဝါ(ဘီ)-ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)ကိုလည်းကောင်း၊ (၆)လအရွယ် ကလေးများကို ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ) ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင် အသားဝါ(ဘီ)-ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)ကို လည်းကောင်း၊ (၉)လအရွယ် ကလေးများကို ဝက်သက်-ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးကို လည်းကောင်း၊ (၁)နှစ်ခွဲအရွယ် ကလေးများကို ဝက်သက်-ဂျိုက်သိုး၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင် အသားဝါ(ဘီ)-ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)ကိုလည်းကောင်း ကာကွယ်ဆေး ထိုးနှံခြင်း၊ ကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါ ကာကွယ်ဆေးများကို (၁၁-၁၀-၂၀၂၃)ရက်နေ့မှ (၁၃-၁၀-၂၀၂၃)ရက်နေ့အထိ ထိုးနှံပေးလျက်ရှိရာ ချင်းပြည်နယ်အတွင်းရှိ မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်နှင့် ကန်ပက်လက် မြို့နယ်အတွင်းရှိကလေးများ၊ မကွေးတိုင်းဒေသကြီးအတွင်းမှ ဂန့်ဂေါမြို့နယ်၊ ထီးလင်းမြို့နယ်၊ ကျောက်ထုနှင့် ဆောမြို့နယ်အတွင်းရှိ ကလေးများအား ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကာကွယ်ဆေး တိုက်ကျွေးခြင်းများကို ဆောင်ရွက်ပေးကြသည်။ အဆိုပါ ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးပေးမှု အခြေအနေများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုပြီး ကလေးများကို အားပေးစကားများ ပြောကြားပေးလျက် ရှိကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)