မြဝတီမြို့၌ မူးယစ်ဆေးဝါးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် ကင်းရှင်းစေရေး အသိပညာပေး အရှိန်အဟုန်မြှင့် ဆောင်ရွက်

မြဝတီ  အောက်တိုဘာ  ၁၁

ကရင်ပြည်နယ်၊  မြဝတီမြို့နယ်အတွင်း  ပြည်သူများ  မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် သိရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်၁၀ နာရီတွင် အမှတ်(၃၂) မူးယစ်တပ်ဖွဲ့စု(မြဝတီ)နှင့် အမှတ်(၇၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မြဝတီ)တို့ ပူးပေါင်း၍  အမှတ်(၁) ရပ်ကွက်၊ ဓမ္မာရုံ၌ ဆောင်ရွက်သည်။

ဦးစွာ အမှတ်(၃၂)မူးယစ်တပ်ဖွဲ့စု(မြဝတီ)မှ တပ်စုမှူးရဲမှူးရဲနိုင်က စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တွင်  မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်   ဖြစ်ပေါ်လာနိုင်သည့်   ရုပ်ပိုင်းနှင့်  စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊   မူးယစ်ဆေးဝါးအန္တရာယ် ကင်းရှင်းစေရေး  ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြ စေလိုကြောင်းနှင့် အမှတ်(၇၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မြဝတီ)မှတပ်ဖွဲ့စု မှူးဒုတိယရဲမှူး အောင်လင်းဌေးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာQuick Winအစီအမံငါးရပ်တွင် ပါဝင် သည့်မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်မောင်းနှင်စဉ် သိရှိလိုက်နာရမည့်အချက်များ၊ ဂရုပြုရမည့် လမ်းညွှန်အမှတ်အသားများ၊ ယာဉ်မောင်းနေစဉ် လက်ကိုင်ဖုန်း အသုံးပြုခြင်းနှင့်   အရက်သေစာ  သောက်စားမောင်းနှင်ခြင်း  မပြုကြရေးတို့ကို   ပရိုဂျက်တာဖြင့်  ရှင်းလင်း‌ဟောပြောပေးပြီး တက်ရောက်ကြသည့် ပြည်သူများက  သိရှိလိုသည့်အချက်များ  မေးမြန်းကြရာ   ပြန်လည် ဖြေကြားပေး၍  အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။

အလားတူ မြဝတီမြို့နယ်အတွင်း  ကျန်ရှိသည့်  ရပ်ကွက်များတွင်  အသိပညာပေး ဟောပြောပွဲများ ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူထံမှသိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)