ပဲခူး အောက်တိုဘာ ၁၁
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးမြို့အတွင်း ရေများအမြန်ဆုံးကျဆင်းနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာသနာ့ဗိမ္မာန်၌ ဖွင့်လှစ်ထားသည့် တိုင်းဒေသကြီးသဘာဝဘေးကွပ်ကဲမှုရုံး၌ တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်းသို့တက်ရောက်ခဲ့ပြီး သဘာဝဘေးကွပ်ကဲမှုရုံးသို့ ရောက်ရှိလာသည့် စားသုံးကုန်ပစ္စည်းများအား သက်ဆိုင်ရာရေဘေးကယ်ဆယ်ရေးစခန်းများသို့ အချိန်နှင့်တစ်ပြေးညီဖြန့်ဝေပေးသွားရန်၊ ရေပြန်လည်ကျဆင်းသွားသည့် ရပ်ကွက်/ကျေးရွာများတွင် သောက်သုံးရေတွင်း/ရေကန်များ အဘိတ်ဆေးခတ်ပေးရန်နှင့် ဆေးသန့်ဆေးပြားများဖြန့်ဝေပေးရန်၊ ပဲခူးမြစ်ရေဝင်ရောက်မှုအား ကာကွယ်ရန်အတွက် ကျောက်ကြီးစုရေတားတာနှင့် ပန်းလှိုင်ရေတားတာများအား ကြံ့ခိုင်မှုပြန်လည်စစ်ဆေးခြင်းအပြင် ရေရှည်အတွက် တမံများ ပြန်လည်မြှင့်တင်ခြင်း၊ ရေထွက်ပေါက်များ တပ်ဆင်ခြင်းတို့ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစိစစ်တင်ပြရန်လိုအပ်ကြောင်းနှင့် ရေကြီးမှုကြောင့် မိုးစပါးစိုက်ဧက၊ ပြန်ပေါ်ဧက၊ ရေနစ်မြှုပ်ဆဲဧက၊ ထိခိုက်ဧက၊ ပျက်စီးဧက စာရင်းဇယားများအား နေ့စဉ်တင်ပြပေးရန် လမ်းညွှန်ပြောကြားခဲ့ရာ တက်ရောက်လာသည့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက ပဲခူးမြို့ရေကြီးမှုနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့မှုပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးကြည်တို့သည် ပဲခူးမြို့၊ အရှေ့ဘက်မြို့ရှောင်လမ်း Box Culvert ဘေးမြေထိန်းနံရံ ပြန်လည်ပြင်ဆင်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် မဂ္ဂတစ်လမ်းထိပ်ရှိ မိုးကောင်းကျုံးကူးတံတားသို့ရောက်ရှိခဲ့ပြီး မှော်ကန်ရပ်ကွက်နှင့် ပုဏ္ဏားစုရပ်ကွက်များရှိ ရေများအမြန်ဆုံး ပြန်လည်ကျဆင်းနိုင်ရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ဒိုက်ပင်နှင့် အမှိုက်များအား ဖယ်ရှားရှင်းလင်းနိုင်ရေး စီမံဆောင်ရွက်ပေးခဲ့ပြီး ပဲခူးမြို့သို့ ကူညီကယ်ဆယ်ရေးလာရောက်သည့် ပရဟိတအဖွဲ့များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့သည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဝင်းဖေနှင့်တွေ့ဆုံ၍ ပဲခူးမြို့၊ အရှေ့ဘက်မြို့ရှောင်လမ်းနှင့် အနောက်ဘက်မြို့ရှောင်လမ်းများတွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် Box Culvert များ၊ တံတားများ ထည့်သွင်းတည်ဆောက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ အရှေ့ဘက် မြို့ရှောင်လမ်း လမ်းမိုင်(၅/၇)အနီး ယာယီဘေလီတံတား တည်ဆောက်နေမှု၊ ဇလပ်ထော်တမံ ရေပိုလွှဲပြန်လည်ပြင်ဆင်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေသူများအား စားသုံးကုန်များ ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် ပဲခူးမြို့၊ ပုဏ္ဏားစုရပ်ကွက်၊ ပန်းလှိုင်ရေတားတာ ရေကျော်မှု ကာကွယ်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၏ လမ်းညွှန်ချက်အရ ပဲခူးမြို့အတွင်း ရေကြီးနစ်မြှုပ်ခဲ့မှုကြောင့် နယ်မြေအလိုက် တာဝန်ခွဲဝေပေးထားသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များအား အစိုးရအဖွဲ့ဝင် ဝန်ကြီးများက အနီးကပ်ကြီးကြပ်၍ ယာယီရေဘေးရှောင် ကယ်ဆယ်စခန်းများသို့ အောက်တိုဘာလ(၁၀)ရက်နေ့၊ နံနက်ပိုင်းက ဆန်(၅၀၀)အိတ်၊ ဆီ(၅၀၀) ပိဿာ၊ ကြက်ဥ/ဘဲဥ၊ ခေါက်ဆွဲခြောက်နှင့် အခြားစားသုံးကုန်များအား ထပ်မံထောက်ပံ့ပေးခြင်း၊ ရပ်ကွက်အလိုက် မီးသတ်ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများဖြန့်ဝေပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)