ပေါက်ခေါင်းမြို့နယ်၌ တိုင်းရင်းသားရိုးရာ ဂျပ်ခုတ်နည်းပညာသင်တန်း (ရက်ကန်းဒီဇိုင်း) ဒုတိယအကြိမ် မွမ်းမံသင်တန်းဆင်းပွဲကျင်းပ

ပေါက်ခေါင်း အောက်တိုဘာ ၁၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် တိုင်းရင်းသားရိုးရာ ဂျပ်ခုတ်နည်းပညာ (ရက်ကန်းဒီဇိုင်း)သင်တန်း ဒုတိယအကြိမ် မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ပေါက်ခေါင်းမြို့နယ် ဘန့်ပြင်အုပ်စု ကြိုးကြာကျေးရွာ၊ နှစ်ခြင်းဘုရားရှိခိုးကျောင်း၌ ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ပြည်ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးငြိမ်းမြင့်ဇော်က သင်တန်းဆင်းအမှာစကားပြောကြားသည်။

ထို့နောက် ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များပေးအပ်ပြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ သင်တန်းသူတစ်ဦးအား သင်တန်းထုတ်ကုန်ပစ္စည်းများပေးအပ်ရာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြား၍ တက်ရောက်လာသူများ၊ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့သည်။

တိုင်းရင်းသားရိုးရာ ဂျပ်ခုတ်နည်းပညာသင်တန်း (ရက်ကန်းဒီဇိုင်း)သင်တန်းတွင် တိုင်းရင်းသားရိုးရာပုဝါအမျိုးမျိုး၊ တိုင်းရင်းသားရိုးရာအထည်များနှင့် လွယ်အိတ်အမျိုးမျိုး ရက်လုပ်နည်းများကို စာတွေ့လက်တွေ့သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး ဤသင်တန်းမှ ထူးချွန်သင်တန်းသူ (၅)ဦးအားရွေးချယ်ကာ လုပ်ငန်းထူထောင်လုပ်ကိုင်နိုင်ရန် ကျပ် ၁၀ သိန်းနှင့်ညီမျှသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများဖြစ်သော ရက်ကန်းစင်နှင့် ဆက်စပ်ပစ္စည်းများကို ပေးအပ်သွားမည်ဖြစ်ကြောင်း ပြည်ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးမှ သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)