ရွှေတောင်မြို့နယ်တွင် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးအသိပညာပေး ဟောပြောပွဲကျင်းပ

ရွှေတောင် အောက်တိုဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးအသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ဆပ်ကော်မတီဝင်ဌာနများဖြစ်သည့် ပြည်ခရိုင်၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးထွဋ်ခိုင်က ပြဌာန်းထားရှိသည့် ဥပဒေ၊ နည်းဥပဒေများနှင့် စံနှုန်းများကိုလည်းကောင်း၊ ပြည်ခရိုင်လူမှုဝန်ထမ်းရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်မြင့်က ကလေးများအား ကလေးအလုပ်သမားအဖြစ် ခိုင်းစေမှုနှင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုအား လျော့နည်းပပျောက်စေရန်နှင့် ထိရောက်စွာကာကွယ်တားဆီးနိုင်ရန်၊ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန်နှင့် အသက်မွေးဝမ်းကျောင်းပညာများ တက်ရောက်နိုင်ရေး စီမံဆောင်ရွက်ပေးရန်စသည့် ရည်ရွယ်ချက်များကိုလည်းကောင်း၊ ရွှေတောင်မြို့နယ်လက်ထောက်ပညာရေးမှူးဦးခင်ဇော်က ပညာရယူခြင်း နည်းလမ်း(၃)သွယ်ကိုလည်းကောင်း၊ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူးဦးထက်နိုင်တို့က အခန်းကဏ္ဍအလိုက်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသော စက်ရုံ၊ အလုပ်ရုံ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များနှင့် ကလေးအလုပ်သမားများ၏ မိဘများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)