အယ်လ်နီညိုရာသီဥတုကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေး မွေးမြူရေးလုပ်ကိုင်သူများအား အသိပညာပေးဟောပြောခြင်း ရက်သတ္တပတ်လှုပ်ရှားဆောင်ရွက်

တောင်ငူ အောက်တိုဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်း တောင်ငူမြို့နယ်၊ ​အုတ်တွင်းမြို့နယ်၊ ​ဖြူးမြို့နယ်၊ ရေတာရှည်မြို့နယ်နှင့် ထန်းတပင်မြို့နယ်များရှိ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ကြသည့် တောင်သူများအနေဖြင့် အယ်လ်နီညိုရာသီဥတုဖြစ်စဥ်ကြောင့် မွေးမြူထားရှိသည့် တိရစ္ဆာန်များ ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရန်ရည်ရွယ်ကာ အောက်တိုဘာလ ပထမပတ်အတွင်း မြို့နယ်အလိုက် အသိပညာပေးဟောပြောမှုများကို ရက်သတ္တပတ်လှုပ်ရှားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာ​ပေးဟောပြောဆွေးနွေးမှုများကို ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါက်တာနေစိုးဦးဆောင်မှုဖြင့် ခရိုင်အတွင်းရှိ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးများ၌လည်းကောင်း ၊ ကျေးရွာများတွင်လည်းကောင်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ကြသည့် တောင်သူများနှင့်တွေ့ဆုံကာ အယ်လ်နီညိုရာသီဥတုကြောင့် ထိခိုက်ဆုံးရှုံးနစ်နာမှုများ အနည်းဆုံးဖြစ်စေရန် မွေးမြူရေးဆောင်ရွက်သူများ ကြိုတင်ဆောင်ရွက်ရမည့်အချက်များ၊ အပူဒဏ်လျော့ကျစေနိုင်သောနေရာများနှင့် အဆောက်အဦများကြိုတင်စီစဥ် ဆောက်လုပ်ထားရှိမှုများ၊ တိရစ္ဆာန်အစာနှင့်ရေလုံလောက်မှုရှိစေရန် ကြိုတင်စီစဥ်ဆောင်ရွက်ရမည့်အချက်များ၊ တိရစ္ဆာန်များရောဂါကျရောက်မှုမရှိစေရန် ကြိုတင်ဆောင်ရွက်ရမည့်အချက်များ၊ အယ်လ်နီညိုရာသီဥတု ဖောက်ပြန်မှုဖြစ်ပေါ်လာပါက ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ၊ ကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များအား ရှင်းလင်းဟောပြောပြီး မွေးမြူရေးတောင်သူများက သိရှိလိုသည်များ မေးမြန်းကြသည်။

ထို့သို့ မေးမြန်းမှုများအပေါ် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်မှူးနှင့် သက်ဆိုင်ရာမြို့နယ်များမှ ဦးစီးမှူးများက ပြန်လည်​ဖြေကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်​