မြင်းမူမြို့နယ်တွင် မြန်မာ့ရိုးရာ ထန်းလျှော်တောင်းပစ္စည်း ယက်လုပ်မှုလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်လျက်ရှိ

မြင်းမူ အောက်တိုဘာ ၁၁

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် အတွင်းရှိကျေးရွာအချို့တွင် မြန်မာ့ရိုးရာလက်မှုလုပ်ငန်းကို လက်ဆင့်ကမ်းအမွေအဖြစ်  ထိန်းသိမ်းရယူခဲ့ကာ မိသားစု စားဝတ်နေရေးလုပ်ငန်းအဖြစ် ရပ်တည်ခဲ့ကြသည့် လုပ်ငန်းများအနက် မူးမန္တလေးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသည် ထန်းပင်မှ ရရှိသည့် ထန်းလျှော်များကို အသုံးပြုကာ  လူသုံးကုန်ပစ္စည်းအမျိုးမျိုး ရောင်းချလျက်ရှိသည့်  ကျေးရွာတစ်ရွာဖြစ်ကြောင်း သိရှိရသည်။

ထန်းလျှော်ပစ္စည်း ယက်လုပ်ခြင်းလုပ်ငန်းကို   ရှေးယခင်ကပင်  မိရိုးဖလာလုပ်ငန်းတစ်ခုအဖြစ် တည်ရှိလာခဲ့သည့်အတွက်   ရွာရှိ ကလေးအရွယ်များကပင်   ထန်းလျှော်နှင့် ပါတ်သက်သည့် လုပ်ငန်းများကို တတ်ကျွမ်းကြကြောင်း၊ ထန်းလျှော်ကုန်ကြမ်းကို မိမိထန်းပင်များက လည်းကောင်း၊ ပါတ်ဝန်းကျင်ကျေးရွာများကလည်းကောင်း ဝယ်ယူရရှိနိုင်ကြောင်း၊ ကိုယ်ပိုင်ယက်လုပ် ရောင်းချသူများ၊ လက်ခစားပြုလုပ်သူများ စသဖြင့် အမျိုးမျိုးရှိကြောင်း၊ ကုန်ပစ္စည်း ပေါများချိန်တွင် ကျေးရွာအတွင်းမှာပင် ဝယ်ယူသိုလှောင်သူများရှိ၍ ရာသီ အချိန်အခါမရွေး အလုပ်အကိုင်ရှိနေ၍ မိသားစုဝင်ငွေရရှိကြကြောင်း၊ အဓိကအားဖြင့်  တောင်းအရွယ်အစားအမျိုးမျိုး၊ လက်ဆွဲချင်းနှင့် အုန်းဆွဲချင်းများ ပြုလုပ်ကြကြောင်း၊ ကုန်းကြမ်းဈေးအနေဖြင့် ထန်းလျှော်အချောင်း(၁၀၀)လျှင် ငွေကျပ်(၇၀၀) ရှိပြီး   နေ့စား လုပ်အားခအနေဖြင့် ငွေကျပ်(၆၀၀၀)အထိ ရရှိကြောင်း၊ ထန်းလျှော်လုပ်ငန်း လုပ်ကိုင်နေသူ ဒေါ်မူမူထံက သိရှိရသည်။

ကျေးရွာထွက်ပစ္စည်းများကို ရန်ကုန်၊ မန္တလေး၊ ရွှေဘိုနှင့် အခြားဝယ်လိုအားရှိသည့် မြို့ကြီးများသို့ တင်ပို့လျက်ရှိပြီး ပွဲတော်ရက်များ ကျင်းပသည့်  မြို့ရွာများသို့ သွားရောက်ကာ  ရောင်းချကြကြောင်း သိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)